ပေါင်၊ ဒီဇင်ဘာ(၇)
ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာ၊ ကမ်းနားပိုင်းမှာ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းက မီး လောင်မှု ဖြစ်ပွားလို့ နေအိမ် ၅ လုံးပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မနက် ၇ နာရီကျော်ခန့်မှာ ကမ်းနားပိုင်းနေ ဦးရွှေထွန်းနေအိမ်မှာ ဘုရားမီးကို ဖယောင်းတိုင်မီးနဲ့ ပူဇော်ထားရာက စတင်ပြီး မီးလောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“နေအိမ်မှာ ဖယောင်းတိုင်မီးနဲ့ ဘုရားမီးပူဇော်ထားတယ်။ ပြီးတော့အောက်ကအခံကျတော့လဲ သစ်သား ဆိုတော့ သစ်သားဘုရားကျောင်းဆောင်ကို မီးကူးပြီးလောင်တာ။ ခုလောက်နဲ့ပဲ ပြီးသွားတာ ကံကောင်း တယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
မီးလောင်မှုကြောင့် အုတ်ညှပ်ပျဉ်ခင်းနေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်း ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတာပါ။ မီလောင်မှုမှာ လူထိခိုက်သေဆုံးတာမျိုးမရှိဘူးလို့လည်း သိရပါတယ်။
မီးလောင်ရာနေရာကို ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေး အသင်းအဖွဲ့၊ အရန်မီးသတ်တွေနဲ့ ဒေသခံတွေ ဝိုင်းဝန်းငြိမ်းသတ်လို့ ၁ နာရီခန့်အကြာမှာ မီးငြိမ်းသွားခဲ့ပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-Zaw Min