ဒီမော့ဆို၊ ဒီဇင်ဘာ (၇)
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကျေးရွာတွေကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေ ပြန်လည်သိမ်းပိုက်ပြီးနောက် အဲဒီနေရာတွေကို အတွဲလိုက်ဒုံးတွေနဲ့ နေ့ရောညပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တပ်စွဲထားတဲ့ ဒီမော့ဆိုမြို့နယ် ကုန်းသာရွာနဲ့ သေးဆူလဲရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ပြန်လည်ဆုတ်ခွာသွားတာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ပြီး ဒီဇင်ဘာ (၅) ရက်နေ့ညပိုင်းမှာ ဒီမော့ဆိုမြို့နယ်ကို စစ်ကောင်စီလွိုင်ကော် အမြောက် တပ်ကနေ အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်နေတဲ့ပုံတွေ လူမှုကွန်ရက်မှာ ပျံနှံ့လာတာပါ။
စစ်ကောင်စီတပ်ဟာ အတွဲလိုက်ဒုံးတွေကို ငွေတောင်အခြေစိုက် ခမရ ၁၀၂ တပ်ရင်းနဲ့ လွိုင်ကော်အ မြောက်တပ်ကနေ ပစ်ခတ်နေတာဖြစ်ပြီး ဒီမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာ အရှေ့ဘက်ခြမ်း၊သေးဆူလဲ၊ဒေါကမီးတို့ကို အဓိကပစ်မှတ်ထားနေတာပါ။
ဒီမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာ အရှေ့ဘက်ခြမ်း၊သေးဆူလဲ၊ဒေါကမီး ကျေးရွာတွေက ပြည်သူတွေရဲ့ နေအိမ်တစ်ဝက်လောက်ဟာ စစ်ကောင်စီရဲ့ အတွဲလိုက်ဒုံး လက်နက်ကြီးပစ်ခတ်မှုကြောင့် လုံးဝပျက်စီးသွားပြီဖြစ်သလို လူထိခိုက်သေဆုံးမှုတော့ မရှိသေးဘူးလို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်တွေအရတော့ စစ်ကောင်စီ လွိုင်ကော် အမြောက် တပ်ကနေ ဒီမော့ဆိုမြို့နယ်ရဲ့ ဘယ်နေရာမဆို ပစ်ခတ်နိုင်တဲ့ လက်နက်ကြီးတွေရှိနေတဲ့အတွက် ပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတာပါ။
စစ်ကောင်စီရဲ့ လက်နက်ကြီးတွေရဲ့ ပြင်းအား တစ်လုံးဟာ ပေ(၅၀) အတွင်းထိခိုက်မိတဲ့နေရာတွေ မည်းသွားပြီး ဘာမှမမြင်ရတော့တဲ့ အခြေအနေထိ ဆိုးရွားပြင်းထန်နေသလို ပစ်ခတ်မှုတွေဟာလည်း အရင်ထက်(၃) ဆလောက်ပိုမိုများပြားလာတယ်လို့ ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ကယားပြည်နယ်ရဲ့ အချက်အခြာနေရာဖြစ်တဲ့ ဒီမော့ဆိုမြို့နယ်ကို စစ်ကောင်စီက အပြည့်အဝ ပြန် လည်ထိန်းချုပ်ဖို့ လုပ်ဆောင်လာရင် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထားသွားလာကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကလည်း သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်