မော်လမြိုင် – ဒီဇင်ဘာ(၆)

စစ်အာဏာရှင်ချေမှုန်းသုတ်သင်ဖို့အတွက် တော်လှန်ရေးမှာ အသက်ပေးပြီး ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင် ခဲ့တဲ့ သူရဲ ကောင်း အာဇာနည်တွေရဲ့ မိသားစုဝင်တွေအတွက် အသွင်ကူးပြောင်းရေးအလွန်ကာလမှာ တရား မျှတမှုရရှိရေး အဓိကထားဆောင်ရွက်မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောပါတယ်။

ဒီနေ့ ဒီဇင်ဘာလ(၆) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ (၇၇) ကြိမ်မြောက်အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။

“တော်လှန်ရေးမှာ ရွတ်ရွတ်ချွံချွံ တိုက်ပွဲ ဝင်ခဲ့တဲ့ သူရဲကောင်းတွေ/ အာဇာနည်တွေကို အမြဲတမ်း အစဉ်တစိုက် ဦးညွှတ်နေမှာ ဖြစ်တယ်ဆိုတာနဲ့ စစ်အာဏာရှင် တော်လှန်ရေးမှာ အသက်နဲ့ ခန္ဓာကို ပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့သူအပေါင်းနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေအတွက် အသွင်ကူးပြောင်းရေး အလွန်ကာလမှာ တရားမျှတမှု ရရှိရေးအတွက် ကျွန်တော်တို့ အားလုံး အဓိကထား ဆောင်ရွက်ရမှာ ဖြစ်တယ်” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

ဒါ့အပြင် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional Justice) ကို တိတိကျကျ ပြတ်ပြတ်သားသား မဖြစ်မနေ ရယူလုပ်ဆောင်ရမယ်လို့ ပြောပါသေးတယ်။

NUG အစိုးရဟာ ပြည်သူ့အစိုးရစစ်စစ်ဖြစ်တာကြောင့် ပြည်သူလူထုရဲ့ သဘောထား ဆန္ဒ နဲ့ ဆန့်ကျင်တဲ့ မူဝါဒ လမ်းစဉ်တွေကို ချမှတ်အကောင်အထည်ဖော်တာမျိုးလုပ်မှာမဟုတ်ဘူးလို့ ယာယီသမ္မတက ဆိုခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ (၇၇) ကြိမ်မြောက် အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီး တွေတက်ရောက်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.