မော်လမြိုင်၊ ဒီဇင်ဘာ (၆)

စစ်တပ်အနေနဲ့ နိုင်ငံရေးက အပြီးထွက်ခွာဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းဖို့ အပါအဝင် တောင်းဆိုထားတဲ့ အချက် ၅ ချက်ကို လက်ခံရင် တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားကြောင်း NUG ယာယီသမ္မတ ဒူဝါးလရှီးလ ပြောဆိုထားပေမယ့် လက်တွေ့မှာ ဖြစ်လာနိုင်ဖွယ် မရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါးလရှီးလက တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ရိုက်တာက ကျင်းပတဲ့ Reuters Next Leadership Summit နဲ့ Global Broadcast ပွဲမှာ မိန့်ခွန်းပြောကြားစဉ် အခုလို ပြောဆိုခဲ့တာပါ။

အဲဒီထဲမှာ စစ်ကောင်စီအနေနဲ့ တွေ့ဆုံဆွေးနွေးလိုရင် နိုင်ငံရေးကနေ အပြီးထွက်ခွာရေး အာမခံချက်ပေးဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းဖို့၊နိုင်ငံတကာရဲ့ လူသားချင်း စာနာမှု အကူအညီတွေကို မနှောင့်ယှက်ဖို့၊ ပြည်သူတွေအပေါ် သတ်ဖြတ်နေမှုတွေကို ချက်ချင်းရပ်ဖို့၊ နိုင်ငံတကာက ကြားဝင်ဆောင်ရွက်မှုကို လက်ခံဖို့ဆိုတဲ့ အချက် ၅ ချက် ပါဝင်တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ စစ်ကောင်စီဘက်ကလည်း အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ် စစ်ကောင်စီကို မဖျက်သိမ်းဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်ကနေ တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ အချက် ၃ ချက် ပြောဆိုထားတာကြောင့် NUG နဲ့ စစ်ကောင်စီ တွေ့ဆုံဆွေးနွေးရေးဟာ လက်တွေ့မှာ ဖြစ်လာဖို့ မရှိဘူးလို့ သုံးသပ်တာပါ။

“လက်တွေ့မှာတော့မဖြစ်နိုင်ဘူးလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်က စစ်ကောင်စီကလည်း အာဆီယံ အထူးကိုယ်စားလှယ်တွေနဲ့ တွေ့တဲ့အချိန်တုန်းက သူတို့ဖက်က အခြေခံတောင်းဆိုတဲ့အချက် ၃ ချက်ရှိတယ်။ စစ်ကောင်စီကိုအသိအမှတ်ပြုဖို့၊ မဖျက်သိမ်းဖို့၊ ၂၀၀၈ဖွဲ့စည်းပုံအောက်မှာဆွေးနွေးဖို့ပေါ့။ အဲဒါတွေကို လက်ခံနိုင်ရင် သူတို့ဖက်က ဆွေးနွေးမယ်လို့ ပြောထားတယ်။ အခုဒီဖက်ကနေပြီးတော့ ပြန်ပြောလာတဲ့ဟာက အဲဒါရဲ့ ဆန့်ကျင်ဘက် သဘောရှိနေတဲ့အတွက် အခြေခံအားဖြင့် သူတို့ ဆွေးနွေးမှာ မဟုတ်ဘူး” လို့ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ နိုင်ငံတနံတလျားမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်းနေတာ ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း အပြင်းအထန် တုံ့ပြန်နေတာ ဖြစ်ပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးခွန်ထွန်းရွှေကလည်း လက်ရှိအခင်းအကျင်းအရ NUG ရဲ့ တောင်းဆိုချက်တွေကို စစ်ကောင်စီဘက်က လက်ခံဖို့ မရှိတာကြောင့် တွေ့ဆုံဆွေးနွေးမှု ဖြစ်လာဖို့ မရှိသေးဘူးလို့ ပြောပါတယ်။

“ကျွန်တော့်တစ်ဦးတည်းအမြင်ကို ပြောရရင် ညှိနှိုင်းအဖြေရှာတဲ့ နည်းလမ်းပေါ်ကို မရောက်သေးဘူးလို့ မြင်ပါတယ်။ လိုသေးတယ်လို့ ကျွန်တော်မြင်ပါတယ်။ လိုဦးမယ်လို့ပဲ မှတ်ချက်ပေးချင်တယ်။ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ကတော်တော်နဲ့ ချက်ချင်းထွက်ဖို့မလွယ်ဘူး။၂၀၀၈ ခြေ/ဉကို တပ်က ပြင်ဆင်သွားမယ်လို့ပဲ ကတိပေးထားတယ်။ ဖျက်သိမ်းသွားမယ်လို့ မပြောထားဘူး။ တွေ့ဆုံဆွေးနွေးဖို့၊ ညှိနှိုင်းအဖြေရှာဖို့နည်းလမ်း ပုံစံမဟုတ်တဲ့ မေးခွန်းထုတ်တဲ့ ပုံစံမျိုးဆိုရင်တော့ တပ်မတော်ဘက်ကလည်း အတိုင်းအတာတစ်ခုအထိ လက်ခံဖို့ ဆန္ဒမရှိဘူးလို့ မြင်မိတယ်” လို့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီမှ ဦးခွန်ထွန်းရွှေက ဆိုပါတယ်။

ယာယီသမ္မတ ဒူဝါးလရှီးလရဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး NUG ရဲ့ တောင်းဆိုချက်တွေအပေါ် စစ်ကောင်စီအနေနဲ့ လိုက်လျောပေးဖို့ ဆွေးနွေးလာနိုင်ဖွယ်မရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသူတွေက တညီတညွတ်တည်း သုံးသပ်ထားပါတယ်။

အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကတော့ NUG ရဲ့ တောင်းဆိုချက်တွေဟာ လက်တွေ့ ဖြစ်လာဖို့ မလွယ်ကူသေးတာကြောင့် လူထုနစ်နာမှုကို လျော့ချဖို့အတွက် အဖွဲ့အစည်း ၂ ခုလုံးက အကောင်းဆုံး နည်းလမ်းတစ်ခု ရှာဖွေဖို့ လိုအပ်နေပြီလို့ ထောက်ပြတာပါ။

“ ဒါက တောင်းဆိုမှုအရ ချဉ်းကပ်မှုအရ မှန်တယ်။ ဒါပေမဲ့ စစ်တပ်ကို နိုင်ငံရေးအရထွက်ခွာဖို့ အာမခံချက် ပေးရမယ်ဆိုတာ အဲဒါကဒီမိုကရေစီအရ တပ်ဟာတပ်ရဲ့ နေရာမှာပြန်ရမယ်ပေါ့။ ဒါပေမဲ့ အခုအခြေအနေက မရတော့ဘူး။ ဘာလို့လဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေမှာကိုက ၂၅ရာခိုင်နှုန်းလို့ပါပြီးသားကို။ ပါပြီးသားဆိုတော့ တပ်ကလည်း သူတို့ ပါကိုပါရမှာလို့ ယူဆထားပြီးသား။ ဒီတော့ ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ အနေအထားတစ်ခုကို အဖြေရှာရမယ်။ နိုင်ငံရေးက ထွက်ခွာရမယ်ဆိုတဲ့ အာမခံချက်က ဟိုဘက်ကလည်း ပေးမှာမဟုတ်ဘူး။ အဲဒီအချက်က ဆွေးနွေးလို့ အဆင်ပြေမှာမဟုတ်လို့ အတင်းအကြပ်တောင်းလို့မရဘူး” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ တော်လှန်ရေးကို တွေ့ဆုံဆွေးနွေးရေးနဲ့ အဆုံးသတ်ခဲ့မယ်ဆိုရင် ၂၀၀၈ ဖွဲစည်းပုံမှာပါတဲ့ နောက်ကြောင်းပြန် အရေးမယူရဆိုတဲ့ အချက်ဟာ စစ်ကောင်စီက ကျူးလွန်မှုတွေကို အကာအကွယ်ဖြစ်နေတာကြောင့် ခြေ/ဥကို ပယ်ဖျက်ဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ ဆိုကြပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းတဲ့ ၂၂ လတာ ကာလအတွင်း လက်နက်ကိုင် တိုက်ပွဲပေါင်း ၈၀၀၀ နီးပါး ဖြစ်ပွားထားပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် လူဦးရေ ၃ သန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanamr က ထုတ်ပြန်ထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.