ညောင်လေးပင်၊ ဒီဇင်ဘာ(၆)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေရှိ ကျေးရွာ ၃ ရွာကို အာဏာသိမ်း စစ်ကောင်စီတပ်က တစ်ရက်အတွင်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု (၄) ကြိမ် လာရောက်ပြုလုပ်သွားတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း(၃)ခုကို ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၂)ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့က တစ်ပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာလို့ ထိတွေ့တိုက်ပွဲတွေ မကြာ ခဏဖြစ်ပွားလျက်ရှိတာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး ပြည်သူလူထုနေထိုင်တဲ့ ကျေးရွာတွေအပေါ်ကို ဒရုန်းနဲ့ကင်းထောက်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို အဆက်မပြတ် ပြုလုပ်နေလျက်ရှိတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၂)ရက်နေ့ ညနေ(၅)နာရီခွဲအချိန်က ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ် စော်သဲခီးကျေးရွာအုပ်စု ကဟီးဒေးကျေးရွာထဲကို လေကြောင်းတိုက်ခိုက်မှု(၂)ကြိမ်၊ လယ်ဝါးကျေးရွာထဲကို လေ ကြောင်းတိုက်ခိုက်မှု(၁)ကြိမ်၊ ကျောက်ကြီးမြို့နယ် ကွီးလားကျေးရွာထဲကို လေကြောင်းတိုက်ခိုက်မှု(၁)ကြိမ် စုစုပေါင်း(၄)ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ KNU က ဆိုထားပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက် ည(၈)နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူအပေါ်ပစ်မှတ်ထားပြီး ရွှေကျင်မြို့နယ် ဇလုပ်ကြီးကျေးရွာထဲကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်ခဲ့သလို ဒီဇင်ဘာ(၃)ရက်နေ့ကလည်း ဇလုပ်ကြီးကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ KNU ထံက သိရပါတယ်။

လက်ရှိမှာတော့ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး၊ ရွှေကျင်နဲ့ မုန်းမြို့နယ်အ တွင်းရှိ ပြည်သူလူထု(၁)သိန်းကျော်မှာ ကြောက်ရွံ့စွာအသက်ရှင်နေထိုင်နေကြရပြီး ပြည်သူ(၂)သောင်းကျော်ဟာ ဒီကနေ့အချိန်အထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သလို ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.