ရန်ကုန်၊ ဒီဇင်ဘာ(၆)
နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs တွေ အားလုံးပါဝင်တဲ့ မျက်နှာစုံညီအစည်းအဝေးဟာ စတင်ချဉ်းကပ်တဲ့ အဆင့်သာရှိသေးတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က သံလွင်တိုင်းမ်ကို ပြောပါတယ်။
၂၀၂၂ ခုနှစ်မကုန်ခင် အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
အဲဒီမျက်နှာစုံအစည်းအဝေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှာပါဝင်တဲ့ EAOs တွေဟာ အခြားသော EAOs အဖွဲ့တွေကို ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
“လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖိုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှာလည်းပဲ EAOs တွေ အားလုံးပါဝင်တဲ့ မျက်နှာစုံညီအစည်းအဝေးလုပ်ဆောင်ဖို့ ရည်မှန်းချက်ရှိတဲ့ နေရာမှာ PPST အနေနဲ့သော်လည်းကောင်း ဒါမှမဟုတ် PPST ထဲက EAOs တစ်ဖွဲချင်းစီကသော်လည်း ကောင်း သူ့နည်းသူ့ဟန်နဲ့ ကြိုးပမ်းလုပ်ဆောင်နေဆဲ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။
EAOs တွေ အားလုံးပူးပေါင်းပါဝင်တဲ့ Joint Ownership အခင်းအကျင်းဖြစ်မြောက်ဖို့ စတင်ချဉ်းကပ်တဲ့ တစ်ဖွဲ့ချင်းစီအရ ဒါမှမဟုတ် အစုအဖွဲ့အရ ညှိနှိုင်းမှုအပေါ် အားလုံးလက်ခံနိုင်တဲ့ အချိန်၊နေရာဒေသတွေကို အခြေခံပြီး ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။
လက်ရှိမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်း EAOs တစ်ဖွဲ့ချင်းစီရဲ့ တုံပြန်မှုတွေကို ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေနဲ့ အသေးစိတ်ပြောပြဖို့ အချိန်စောနေသေးတယ်လို့ ဆိုပါတယ်။
တဖက်မှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA စာချုပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ မထိုးထားတဲ့ တိုင်းရင်းသားလက် နက်ကိုင် ၃ဖွဲ့တို့က နှစ်ကြိမ်တိုင် တက်ရောက်ဆွေးနွေးထားပြီး ဖြစ်ပါတယ်။
တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား အပစ်ခတ်ရပ်စဲဖို့ မစ္စတာ ယိုဟီဆာဆာကာဝါရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ကစပြီး စာချုပ်မပါဘဲ အပစ်ရပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်ဟာ NCA ထိုးထားတဲ့ အဖွဲ့တစ်ချို့နဲ့ မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်းတွေအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (PDF) တို့နဲ့ လက်ရှိအချိန်ထိ နိုင်ငံတဝန်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။
စစ်တပ်အာဏာသိမ်းတဲ့ ၂၂ လအတွင်း နိုင်ငံတဝန်း လက်နက်ကိုင်တိုက်ပွဲပေါင်း ၇၈၀၀ ကျော် ဖြစ်ပွားတဲ့အထဲမှာ စစ်ကောင်စီတပ်နဲ့ EAOs တို့အကြား တိုက်ပွဲပေါင်း ၄၅၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သုတေ သနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanamr က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်