မော်လမြိုင် – ဒီဇင်ဘာ(၆)

စစ်တပ်ပိုင် မြန်မာစီးပွားရေး ဦးပိုင်လီမိတက်နဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်းကို အမျိုးသား ညီညွတ်ရေးအစိုးရ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုက အကြမ်းဖက်အုပ်စုအဖြစ် ဒီနေ့ ဒီဇင်ဘာလ(၆) ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့က စစ်အုပ်စု သက်ဆိုးရှည် စေဖို့အတွက် စီးပွားရေးလုပ်ငန်းပေါင်းစုံကို လက်ဝါးကြီးအုပ် ချယ်လှယ်ပြီး နှစ်စဉ် ဘဏ္ဍာရန်ပုံငွေ များစွာကို ရှာဖွေထောက်ပံ့နေတာ စိစစ်တွေ့ရတဲ့အတွက် အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခဲ့တာလို့ ဆိုထားတာပါ။

ဒါကြောင့် အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ဃ) အရ အကြမ်းဖက်အုပ်စုပိုင်ပစ္စည်းအဖြစ်သတ်မှတ်ပြီး အများပြည်သူ အကျိုး စီးပွားအလို့ငှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ပုဒ်မခွဲ(ဌ) နဲ့အညီ ထိန်းချုပ်စီမံခန့်ခွဲ သွားမှာဖြစ်တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့က ရှာဖွေပေးနေတဲ့ ဘဏ္ဍာ ရန်ပုံငွေတွေဟာ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အရာရှိကြီးတွေအတွက်သာ အကျိုးစီးပွား ဖြစ်ထွန်းနေပြီး အောက်ခြေအကြပ် စစ်သည်တွေခံစာခွင့်မရှိသလောက် နည်းပါးတာကို အမြတ်ခွဲဝေ မှုဆိုင်ရာ အထောက်အထား စာရွက်စာတမ်းတွေအရ သိရတယ်လို့ ဆိုထားပါတယ်။

အကျိုးအမြတ်တွေကို အသုံးပြုပြီး နေ့စဉ်နဲ့ အမျှ နိုင်ငံ တဝှမ်းက အပြစ်မဲ့ ပြည်သူတွေအပေါ် လူမဆန်စွာ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်တာတွေ ကျူးလွန်နေတဲ့အတွက် စစ်အုပ်စု ထောက်တိုင်တွေကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တာလို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ပုဒ်မခွဲ(င) နဲ့ ပုဒ်မ ၇၂၊ပုဒ်မခွဲ(ခ) ပါလုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.