လွိုင်ကော်၊ ဒီဇင်ဘာ(၆)

ကယားပြည်နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထား သွားလာကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတိပေးပြောဆိုလိုက်ပါတယ်။

ဒီမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာအရှေ့ဘက်ခြမ်း၊ သေးဆူလဲနဲ့ ဒေါကမီးတို့မှာ စစ်ကောင်စီဘက်က စစ်ကြောင်း ပြန်ထိုးလာတဲ့အတွက် နှစ်ဖက်စစ်ရေးတင်မာနေပြီး ထိတွေ့မှုတွေရှိနေတာကြောင့် ဖြတ်သန်းသွားလာတာနဲ့ နေအိမ်ပြန်တာတွေ မလုပ်လို့ သတိပေးထားပါတယ်။

KNDF အတွင်းရေးမှူး(၃) ကတော့ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်တာနဲ့အတူ စစ်ကောင်စီဘက်က ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာတဲ့အတွက် နှစ်ဖက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာဂရုစိုက်ကြဖို့ သတိပေးတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၃) ရက်နေ့ မနက်ပိုင်းကစပြီး ဒီမော့ဆိုမြို့နယ် ဒေါကမီးကျေးရွာဘက်ကို စစ်ကောင်စီတပ်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသကာကွယ်ရေးပူးပေါင်းတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၂၀) ကျော်သေဆုံးပြီး တပ်ကြပ်ကြီး(၁)ဦး၊ တပ်ကြပ် (၂) ဦးနဲ့ တပ်သား(၁) ဦးတို့ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့က အရှင်ဖမ်းဆီးရမိထားသလို စစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ဒီမော့ဆိုမြို့နယ်အခြေစိုက်တပ်တွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့သလို ညနေပိုင်းမှာလည်း တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတာတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကယားပြည်နယ်ထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂ သိန်းကျော်ဟာ ဘေးလွတ်ရာ နေရာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ ပုန်းခိုးနေထိုင်နေရသလို လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.