ဖာပွန်၊ ဒီဇင်ဘာ (၄)
ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေထဲမှာ စစ်ကောင်စီ ၊ BGF တပ်ဖွဲ့နဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်တို့အကြား နို ဝင်ဘာလ တစ်လအတွင်း တိုက်ပွဲပေါင်းအကြိမ် (၁၀၀)ကျော် ဖြစ်ပွားခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။
KNU ဖာပွန်ခရိုင်အတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားပြီး လူ့အခွင့်အရေးချိုးဖောက်ဆောင်ရွက်နေတဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGFတို့နဲ့ KNLA တပ်မဟာ(၅)တို့အကြား ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁)ရက်နေ့ကနေ (၃၀)ရက်နေ့အထိ တစ်လအတွင်း တိုက်ပွဲပေါင်း(၁၁၆)ကြိမ်ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ BGF ဘက်က (၆၉)ဦး သေဆုံးပြီး (၅၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ တပ်ကြပ်တစ်ဦးပါရှိပြီး ဒဏ်ရာရရှိသူစာရင်းထဲမှာ ဗိုလ်တစ်ဦးပါဝင်တယ်လို့ တပ်မဟာ(၅)က ဆိုထားပါတယ်။
နှစ်ဖက်ထိတွေ့ရင်ဆိုင်တိုက်ပွဲအတွင်း KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မ ဟာ(၅)ဘက်က (၉)ဦး ကျဆုံးခဲ့ပြီး (၂၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဖာပွန်ခရိုင်အတွင်းက နေရာ(၄)နေရာမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု(၄)ကြိမ်ပြုလုပ်သွားခဲ့ပြီး စာသင်ကျောင်း၊ ဘုရားကျောင်းအပါအဝင် လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
KNU ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီနဲ့ BGF တပ်တို့ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ဆောင်ရွက်မှုတွေကြောင့် ဒေသခံပြည်သူ(၁)သိန်းနီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်