ရန်ကုန်၊ ဒီဇင်ဘာ (၄)

စစ်တပ်အာဏာသိမ်းထားတဲ့ ၂၂ လအတွင်း စစ်ကောင်စီက နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေကို ပြစ်ဒဏ်ကနေ ရှစ်ကြိမ်အထိ လွတ်ငြိမ်းခွင့်ပေးအပ်ခဲ့ပေမယ့် အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၈ ရာခိုင်နှုန်းသာပါဝင်တယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ ISP-Myanmar က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြီးခါစ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အကျဉ်းသား ၂၃,၃၀၀ ကျော်၊ ဧပြီလမှာ ၂၃,၄၀၀ ကျော်၊ဇွန်လမှာ ၂,၂၉၀ ကျော်၊ အောက်တိုဘာမှာ ၅,၆၃၀ ကျော်ကို လွတ်ငြိမ်း ခွင့်ပေးခဲ့ပါတယ်။အခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာလည်း အကျဉ်းသား ၈၀၀ ကျော်၊ မတ်လမှာ ၅ ဦး၊ ဧပြီလမှာ ၁၆၀၀ ကျော်နဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ၅,၇၇၀ ကျော်အထိ ပြစ်ဒဏ်ကနေလွတ်ငြိမ်းခွင့် ပေးအပ်ခဲ့တာပါ။

ဒါပေမယ့် စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ပေးတဲ့ အကျဉ်းသား စုစုပေါင်း ၆၂,၇၀၀ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၅,၀၀၀ ကျော်သာ ပါဝင်တယ်လို့ ISP -Myanmar က AAPP နဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ မှတ်တမ်းတွေကို လက်လှမ်းမီသလောက် ပြုစုပြီး ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ထဲမှာ နိုင်ငံရေးအကျဉ်းသား ပါဝင်မှု နည်းပါးနေတဲ့ အခြေအနေနဲ့ ပတ် သက်ပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူတစ်ဦးက အခုလိုပဲ တုံ့ပြန်လိုက်ပါတယ်။

“စစ်အုပ်စုကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခါမှာ အခြားသော ရာဇဝတ်ပြစ်မှု အကျဉ်းသားတွေကို အများအပြားလွှတ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကိုတော့ အရေအတွက်နည်းနည်းလေးပဲ လွှတ်တာဟာ သူတို့ရဲ့ ထုံးစံပါ။ ဘာကြောင့်လဲဆိုတော့ တကယ်တမ်း နိုင်ငံတကာဖိအားတွေမရှိဘူးဆိုရင် စစ်အုပ်စုကို ဆန့်ကျင်တဲ့ တော်လှန်ရေးမှာ ပါဝင်တဲ့သူတွေအားလုံးကို လုံးဝလွှတ်ပေးချင်တဲ့ စိတ်ဆန္ဒမရှိပါဘူး။ ဒါကြောင့်မို့ မဖြစ်မနေနိုင်ငံတကာရဲ့ ဖိအားတွေကို လျှော့ချနိုင်ဖို့အတွက် အရေအတွက်အနည်းအကျဉ်းကိုပဲ လွှတ်ပေးတာဖြစ်တယ်။ ဒါက အခုမှမဟုတ်ပါဘူး၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်အဆက် ဆက်မှာ ကျင့်သုံးခဲ့တဲ့ သူတို့ရဲ့ နည်းနာတွေဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာသူတွေအနေနဲ့ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင်ကျခံဖို့ရှိတဲ့ ပြစ်ဒဏ်ကိုပါ ထပ်မံကျခံရမယ်ဆိုတဲ့ အချက်နဲ့ လွတ်ငြိမ်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလကတော့ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုခဲ့ပေမယ့် နိုင်ငံတနံတလျားမှာ အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ သာလွန်အင် အားတွေ၊ စစ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကို လူမဆန်အောင် နေ့စဉ်ရက်ဆက် ပြုကျင့်နေဆဲဖြစ်တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က အခြေပြမိန့်ခွန်းမှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုဟာ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ဗျူဟာကိုသုံးပြီး သက်ညှာသနားမှု ရှိသလိုလိုနဲ့ ရက်စက်ယုတ်မာမှု စရိုက်အပြည့်ရှိတယ်ဆိုတာ သတိချပ်ကြဖို့ကိုလည်း အလေးအနက် တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၂ လတာကာလအတွင်း နိုင်ငံတဝန်း ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၂၅၅၃ ဦး ကျဆုံးခဲ့ရပြီး ဖမ်းဆီးချုပ်နှောင်ခံရသူပေါင်း ၁၆၀၀၀ ကျော်အထိ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.