မြဝတီ၊ ဒီဇင်ဘာ(၄)
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဝင်းရော်ဒေသထဲမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်အတွက် ရိက္ခာတွေကို ရွာလူကြီးက ပေးပို့နေရတယ်လို့ ဝင်းရော်ဒေသနွေဦးတော်လှန်ရေး လှုပ်ရှားလူငယ်တွေထံက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကစပြီး တပ်မဟာ(၆)နယ်မြေ ဝင်းရော်ဒေသဖြစ်တဲ့ ပုလိန်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး အဲ့ဒီနောက် ခလယ်တံခွန်တိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးကာ ဝင်ရောက်လှုပ်ရှားလာခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးဝင်ရောက်လှုပ်ရှားလာစဉ်အတွင်း ဒေသခံပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုတွေရှိသလို ကျေးရွာတွေအတွင်း လိုက်ပတ်သွားလာနေပြီး သွား လာနေတဲ့ ဒေသခံပြည်သူတွေအပေါ် တားဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ(၃)ရက်နေ့ မနက်ပိုင်းကလည်း ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသခလယ်ကျေးရွာအုပ်စု ဘုရားငါးဆူရွာနဲ့ ခလယ်ရွာလေးကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်က သွားလာနေတဲ့ ခရီးသွားပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဝင်းရော်ဒေသနွေဦးတော်လှန်ရေး လှုပ်ရှားလူငယ်တွေထံက သိရပါတယ်။
ဒါ့အပြင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က သူတို့တိုက်ခိုက်ခံခဲ့ရပါက ကျေးရွာတွေအပေါ် မီးရှို့ဖျက်ဆီးသွားမယ်လို့ ခြိမ်းခြောက်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက တပ်မဟာ(၆)နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ လွတ်ရှမ်းဂိတ်စခန်း၊ ချောင်းနှစ်ခွနဲ့ တောင်ကလေးရဲစခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် ခလယ်တံခွန်တိုင်၊ ပုလိန်၊ လွတ်ရှမ်း စတဲ့ ဒေသတွေထဲကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပါတယ်။
ဒီလို စစ်ကောင်စီတပ်ရဲ့ စစ်ရေးဝင်ရောက်လှုပ်ရှားမှုအခြေအနေတွေကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေတဲ့အတွက် ကျေးရွာတချို့က ဒေသခံပြည်သူတွေတချို့ဟာ ကြိုတင်တိမ်းရှောင်တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်