ရန်ကုန် – ဒီဇင်ဘာ(၃)
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းပေါ်မှာ ဖွင့်လှစ်ထားတဲ့ Transpoter Bar ရဲ့ ကားပါကင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာလ(၃) ရက်နေ့ ည(၉) နာရီဝန်းကျင်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံး အခြေအနေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။
Transpoter Bar ဟာ စစ်ကောင်စီနဲ့ နီးစပ်မှုရှိတဲ့ သူတွေဖွင့်ထားတာလို့ ဒေသခံတွေက ပြောဆိုတာ တွေရှိနေပေမယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်မှာတော့ စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး လမ်းပိတ်ဆို့ စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ တော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂) ရက်နေ့ကလည်း စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ရန်ကုန်မြို့က အရက်ဘား နှစ်ခုကိုည(၉)နာရီဝန်းကျင်မှာ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တွေက ဖောက်ခွဲတိုက်ခိုက်ခဲ့ ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်