တနင်္သာရီ၊ ဒီဇင်ဘာ (၄)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ရေဖြူရွာအလွန် ထုံခါရွာသချိုင်းအနီး (ဒေသအခေါ် မပိုက်ချောင်)မြိတ်- ကော့သောင်းလမ်းပေါ်မှာ ဒီဇင်ဘာ ၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကျားကွန်မန်ဒိုအထူးတပ်ဖွဲ့(KNLA-TCSJF)က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ ညနေ ၅ နာရီလောက်မှာ မြိတ်ဘက်ကနေ ဘုတ်ပြင်းဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီ အင် အား ၁၀၀ ကျော်ပါတဲ့ ကား ၅ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကျားကွန်မန်ဒို အထူးတပ်ဖွဲ့(KNLA-TCSJF)က ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်နီး ပါးအကြာ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ကျားကွန်မန်ဒို အထူးတပ်ဖွဲ့(KNLA-TCSJF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီယာဉ်တန်းဟာ ထိခိုက်သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို ကောက်တင်ပြီး ချောင်းလမုဘုန်းကြီးကျောင်းထဲကို မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ဒီဇင်ဘာ ၃ ရက်နေ့ မနက်ပိုင်းထိ ချောင်းလမု ဘုန်းကြီးကျောင်းထဲမှာပဲ ဆက်လက်နေထိုင်တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေပြင်ထန်ခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးတာတွေရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.