မော်လမြိုင်၊ ဒီဇင်ဘာ (၄)

မသန်စွမ်းသူတွေဟာ အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ ကူညီစောင့်ရှောက်မှုတွေ အပြည့်အဝမရတော့သလို အကြမ်းဖက်မှုတွေကိုပါ ပိုမိုကျူးလွန်ခံနေရတယ်လို့ မြန်မာနိုင်ငံမသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MCERP)က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မသန်စွမ်းတွေဟာ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အ လမ်းနဲ့ အသက်ရှင်သန်ခွင့် အပါအဝင် အဖက်ဖက်ကနေ အခွင့်အရေးအားလုံးနီးပါး ဆုံးရှုံးနေရသလို ကူညီမှု စောင့်ရှောက်မှုတွေ ရရှိတော့ခြင်းမရှိပါဘူး။အဲဒီထဲမှာတော့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ သူတို့ကိုမထောက်ခံပါက မသန်စွမ်းတွေကို နည်းအမျိုးမျိုးနဲ့ အကြမ်းဖက်တာတွေ ပြုလုပ်နေသလို တိုက်ပွဲတွေဖြစ်ပွားရာ ဒေသတွေမှာလည်း မသန်စွမ်းတွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မသန်စွမ်းတွေကို အကြောင်းအမျိုးမျိုးပြကာ အကြမ်းဖက်တာတွေ ပြုလုပ်နေတာကြောင့် မသန်စွမ်းတွေရဲ့ အခွင့်အရေးတွေအားလုံး ဆုံးရှုံးနေရတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (MCERP) ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ပြောပါတယ်။

“ ဥပမာ-ထားပါစို့ နားမကြားတဲ့ လူတစ်ယောက်ကိုရပ်လို့ ပြောလို့ မရပ်ရင် ဒီလူဘာကြောင့် မရပ်တာလည်းဆိုတာကို အဖြေမရှာဘူး။ မရပ်ဘူးဆိုတာက ဒါထွက်ပြေးတာပဲဆိုပြီးတော့ သေနတ်နဲ့ပစ်သတ်လိုက်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့တွေ မသန်စွမ်းသူတွေမို့လို့ စကားလေးတာတို့၊ စကားထစ်တာတို့ ချက်ချင်းမပြောနိုင်လို့ရှိရင် မပြောရကောင်းလား ဆိုပြီးတော့ သူတို့လက်တွေပါပြီး အကြမ်းဖက် နှိပ်စက်တာတို့၊ ရိုက်နှက်တာတို့ ဒါမျိုးတွေခံရတာပေါ့။ ဒီလိုမျိုးလူတွေကို မသင်္ကာဘူး၊ ကိုယ့်ကို ထောက်ခံသူမဟုတ်ဘူးထင်သမျှ ဒီလိုမျိုးအကြမ်းဖက်လုပ်မယ်ဆိုရင် အဲဒီအချိန်မှာ မသန်စွမ်းသူတွေက ပိုပြီးတော့ခံရတဲ့ သားကောင်တွေ ဖြစ်လာတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် မသန်စွမ်းတွေဟာ အရင်ကာလထဲက လူကောင်းတွေထက် အခွင့်အရေးအနည်းငယ်သာ ရရှိထားရာမှ လက်ရှိစစ်ကောင်စီ အာဏာသိမ်းပြီးနောက် နဂိုရရှိထားတဲ့ မသန်စွမ်းအခွင့်အရေးအားလုံးနီးပါး ဆုံးရှုံးသွားသလို ဥပဒေအရ ရပိုင်ခွင့်တွေပါ ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။

မသန်စွမ်းသူတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် အကြမ်းဖက်ခံရပါကလည်း စစ်ကောင်စီဘက်က ကူညီ ဆောင်ရွက်ပေးတာတွေ မရှိတော့တဲ့အတွက် တရားမျှတမှုတွေ မရှိတော့ဘူးလို့ (MCERP) ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ဆက်ပြောပါတယ်။

“အာဏာသိမ်း (၂)နှစ်တာ ကာလအတွင်းတချို့ မသန်စွမ်းသူတွေ ရုံးသွား၊ အလုပ်သွား၊ အပြင်သွားပေါ့နော်။သူတို့ ဈေးသွားတာတို့ ဖုန်းအလုခံရတယ်၊ အရိုက်ခံရတယ်၊ လက်စွပ်တွေကို ဖြတ်ပြီး အရိုက်ခံ၊ အလုခံရတယ်။ ဒါပေမယ့် သူတို့မှာ မခုခံနိုင်ဘူး။ သတ်တာ မခံရတာကိုဘဲ ကျေးဇူတင်ရမလို။ တချို့ နေရာတွေမှာလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ ရှိတယ်။ အိမ်တွင်းမှာဘဲ ဖြစ်ဖြစ်၊ ရပ် ကွက်ထဲမှာဘဲ ဖြစ်ဖြစ်။ ဒါပေမယ့် တရားမျှတမှုက ရဲစခန်းတို့၊ ရပ်ကွက်လူကြီးကိုသွားပြောပေမယ့် သူတို့တွေက ဒါတွေကိုဒီအချိန်မှာ ဦးစားပေးပြီးတော့ မစဉ်စားဘူး။ မလုပ်ပါနဲ့တော့၊ပြေလည်လိုက်ပါတော့၊ ပြီးမှာမဟုတ်ပါဘူး၊ ထူးမှာ မဟုတ်ပါဘူး ဆိုပြီးတော့ အမှုစာရင်းပိတ်တဲ့အခြေအနေမှာ ဖြစ်နေတယ်ပေါ့နော်”လို့ဆိုပါတယ်။

မသန်စွမ်းတွေဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ရှိနှင့်ပြီးသာ အခွင့်အရေးတွေကိုပါ ဆုံးရှုံးနေရတဲ့အတွက် ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ ရှိလာနေတယ်လို့ သိရပါတယ်။စစ်ကောင်စီကတော့ မသန်စွမ်းတွေရဲ့ အခွင့်အရေးများဆိုင်ရာအတွက် အရင်းမပျောက် မတည်ငွေ ကျပ်(၃)ဘီလီယံ ထားရှိပြီး မသန်စွမ်းတွေကို ထိထိရောက်ရောက် ထောက်ပံ့ပေးသွားမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ (၂၅)ရက်နေ့က မသန်စွမ်းသူများရဲ့ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးမှာ ပြောဆိုခဲ့ပေမယ့် လက်တွေ့မှာတော့ ထောက်ပံ့မှုမရရှိကြပါဘူး။

လက်ရှိမှာ စစ်ကောင်စီက ထောက်ပံ့ပေးတာမရှိသလို အလုပ်အကိုင် အခက်အခဲတွေကြောင့် မသန်စွမ်းတွေဟာ စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်နေရသလို ကျန်းမာရေးကအစ အရင်လိုစောင့်ရှောက်မှု မရရှိတော့တာကြောင့် ပိုမိုဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ (၂၀၁၉)ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေရဲ့ ၁၂ ဒသမ ၈ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့်လည်း မသန်စွမ်း အရေအတွက် တိုးလာနိုင်တယ်လို့ မသန်စွမ်းအရေးကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.