ကျိုက်ထို၊ ဒီဇင်ဘာ (၄)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲကို ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ် အင်အား ၈၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ကျိုက်ထိုမြို့နယ်၊ မဲရုံးလေးကျေးရွာကနေ စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကြောင်းမထိုးခင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း စစ်ကောင်စီသိမ်ဇရပ် အမြောက်တပ်ကနေ ဇီးပြောင်း၊ မိုးဘောနဲ့ နတ်စင်ကျေးရွာဘက်ကို လက်နက်ကြီး အချက် ၂၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပေမယ့် ဒီဇင်ဘာ ၃ ရက်နေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားတာ မရှိသေးဘဲ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဆိုပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် မိုးဘော၊ နတ်စင်၊ ဇီးပြောင်းအပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားထားပါတယ်။
ဒ့ါအပြင် စစ်ကောင်စီတပ်ဟာ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်ထဲကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကစပြီး နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုပြီး စစ်ကြောင်းထိုးထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်