မော်လမြိုင် – ဒီဇင်ဘာ(၂)

အာဏာသိမ်းစစ်ကောင်စီက လေယာဉ်နဲ့ ပြည်သူတွေကို တိုက်ခိုက်နေတဲ့အတွက် လေယာဉ်ပစ် လက်နက်ကူညီပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁) ရက်နေ့က ကျင်းပခဲ့တဲ့ REUTERS Next Leadership Summit နဲ့Global Broadcast မှာ ပြောဆိုခဲ့တာပါ။

စစ်ကောင်စီဟာ ရုရှားတိုက်လေယာဉ်တွေသုံးပြီး ပြည်သူတွေကို သတ်ဖြတ်နေတာ၊ ကျေးရွာတွေ ကိုလိုက်လံ မီးရှို့နေတာတွေကို ကာကွယ်ဖို့ လေယာဉ်ပစ်ချတဲ့ လက်နက်ရှိရင် စစ်ကောင်စီတပ် တွေကို (၆) လအတွင်း နိုင်မှာဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

ဒါ့အပြင် ယူကရိန်းနိုင်ငံကို အမေရိကန်နဲ့ နိုင်ငံတကာက ထောက်ပံ့သလို မြန်မာနိုင်ငံကိုလည်း ထောက်ပံ့ကူညီရင် ပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေ ငြိမ်းအေးသွားမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ဒီမိုကရေစီလိုလားတဲ့ ပြည်သူ (၂၀၀၀) ကျော်ကို သတ်ဖြတ်ထားတဲ့အတွက် စစ်ကောင်စီဖြုတ်ချရေးကို နောက်ဆုတ်သွားမှာမဟုတ်ဘဲ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၂၀၀) ကျော်သေဆုံးထားပြီး စစ်ကိုင်းနဲ့ မကွေးလိုဒေသတွေကို နေ့စဉ်လိုလို လေကြောင်း တိုက်ခိုက်မှုတွေလုပ်နေတာဖြစ်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း NUG အစိုးရကို လေကြောင်းတိုက်ခိုက်ခံနေရတာတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တာတွေရှိနေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.