ရေး၊ ဒီဇင်ဘာ (၃)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ကျေးရွာနဲ့ အောင်သာယာကျေးရွာကြားရှိ ပရာသားတံတားအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ပရာသားတံတားအနီးမှာ လမ်းကင်းအတွက် ကင်းပုန်းဝပ်နေတဲ့ တပ်အင်အား ၁၀ ဦးကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ တောင်ညိုပြည်သူ့ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခြုံခိုတိုက်ခိုက်ခံရပြီးနောက် တပ်အင်အား ၅၀လောက်ဟာ ဘေးလမိုင်းကျေးရွာ အနောက်ဘက်ခြမ်းကနေစတင်ပြီး အောင်သာယာ၊ ကနင်ကမော့၊ လိမ္မော်ခြံကျေးရွာတွေအထိ ဝင်ရောက်စစ်ကြောင်းထိုးလာတာပါ။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။

လက်ရှိမှာတော့ ဒေသခံတွေဟာ ဥယျာဉ်ခြံတွေထဲ မသွားရဲတော့ဘဲ အခြေအနေကို စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာရုံးတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏ ကြားဖြတ်တိုက်ခိုက်တာနဲ့ ဝင်ရောက်တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးအထူးတင်းကျပ်ထားရတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.