ရန်ကုန်၊ ဒီဇင်ဘာ ( ၃)

စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ရန်ကုန်မြို့ကဘားနှစ်ခုကို ဒီဇင်ဘာ ၂ရက် ညပိုင်းမှာ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တွေက ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ အဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရန်ကုန် အင်းစိန်မြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်မှာရှိတဲ့ စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်တဲ့ The Red-Xဘားကို မှော်ဘီအခြေစိုက် Gurdians UG၊ GR-1နဲ့ Marauder Front Five(MFF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

လှိုင်မြို့နယ်၊ ပါရမီလမ်းပေါ်မှာရှိတဲ့ The Idol ဘားကိုလည်း ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ Gurdians UGရဲ့အဖွဲ့ခွဲ Gurdians နဲ့ ရန်ကုန်တိုင်းတပ်မဟာအဖွဲ့တို့ ပူးပေါင်းမဟာမိတ်အဖွဲ့မှ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှားမှုကိုတော့ ဒေါင်းအလံလွှင့်စစ်ဆင်ရေးအဖြစ် လှုပ်ရှားခဲ့တာလို့ အဲဒီအဖွဲ့တွေက ပြောကြားထားပါတယ်။

အဲဒီဖောက်ခွဲမှုနှစ်ခုစလုံးကို ည ၉နာရီမှာ တစ်ပြိုင်တည်းလုပ်ခဲ့တာလို့လည်း သိရပါတယ်။

“ ဒီရက်ပိုင်းပွဲတွေ ရှိနေဦးမှာပါ။ ကျွန်တော်တို့ ကတော့စစ်ကောင်စီကို လုံးဝလက်ခံနိုင်စရာမရှိလို့ သူတို့ကျ ရှုံးတဲ့အထိဒေါက်တိုင်တွေကို ဆက်လက်တိုက်ခိုက်နေဦးမှာပါပဲ။ လိုအပ်တာကတော့ ပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်မှုပါပဲ”လို့ စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ မြို့ပြပြောက်ကျားတစ်ဦးက ပြောပါတယ်။

အဲဒီဖြစ်စဉ်တွေထဲက လှိုင်မြို့နယ်က ပေါက်ကွဲမှုမှာ လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပေမယ့် ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ပေါက်ကွဲမှုတွေအပြီးမှာ စစ်ကောင်စီဘက်က လမ်းတွေပိတ်ဆို့ရှာဖွေတာတွေလုပ်ဆောင်ခဲ့ပြီး ဒီနေ့မနက်မှာ လည်း အခင်းဖြစ်ပွားရာရပ်ကွက်တွေထဲမှာ လိုက်လံစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့လည်း ရပ်ကွက်နေပြည်သူတွေထံမှ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.