မော်လမြိုင်၊ ဒီဇင်ဘာ (၃)
စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတဲ့ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက် ဈေးအနီးရှိရွှေဆိုင်တစ်ဆိုင်မှာ ဒီကနေ့ဒီဇင်ဘာ (၂)ရက်နေ့၊ နေ့လည် (၂)နာရီကျော်လောက်မှာ သေနတ်ပြခြိမ်းခြောက်ပြီး အနုကြမ်းဝင်စီးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အနုကြမ်းဝင်စီးခံရတဲ့ ရွှေဆိုင်ဟာ သီရိမြိုင်ဈေးအနီးရှိ ရွှေအုန်းပင်ရွှေဆိုင်ဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ အမျိုးသားတစ်ဦးက ဆိုင်ကယ်နဲ့လာရောက်ပြီး ဆိုင်အတွင်းဝင်ရောက်ပြီးနောက် သေနတ်ထုတ်ပြကာ ငွေကြေးတချို့ကို ယူဆောင်သွားတယ်လို့ သိရပါတယ်။
ရွှေဆိုင်အနုကြမ်းဝင်ရောက်စီးနင်းခံရစဉ် ငွေကျပ်(၁၀)သိန်း ဒါမှမဟုတ် ကျပ် (၂၀)သိန်းလောက်ပါသွားပြီး ရွှေထည်ပစ္စည်းတွေကိုတော့ ယူဆောင်သွားတာမရှိဘူးလို့ ရပ်ကွက်နေဒေသခံတွေ ပြောဆိုနေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ရွှေဆိုင်အနုကြမ်းဝင်စီးစဉ် သေနတ်သမားဟာ ငွေကြေးတချို့ကို ယူဆောင်ပြီး ဆိုင်ကယ်နဲ့ ပြန်လည် ထွက်ခွာသွားပေမယ့် ဆိုင်ရှိလူတွေကိုတော့ သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်သွားတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဆိုင်အနုကြမ်းဝင်စီးခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ရွှေဆိုင်ရှိ လူတွေကို စစ်ဆေးတာတွေ ပြုလုပ်နေသလို လမ်းသွားလမ်းလာကားနဲ့ ဆိုင်ကယ်တွေကိုလည်း ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မော်လမြိုင်မြို့ပေါ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ကာလအတွင်းအခုလို ရွှေဆိုင်အနုကြမ်းဝင်ရောက်စီနင်းခံရတာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်