မော်လမြိုင်၊ ဒီဇင်ဘာ (၃)

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ တရားဥပဒေနဲ့အညီ ခုခံချေပဖို့ ရှေ့နေ လိုက်ပါခွင့်မရဘဲ စစ်ခုံရုံးတွေမှာ သေဒဏ်အမိန့်တွေ ချမှတ်ခံနေရတယ်လို့ ဥပဒေပညာရှင်တွေနဲ့ အကျဉ်းသားများအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ စစ်တပ်အငြိမ်းစားဒုဗိုလ်မှူးကြီး သေနတ်နဲ့ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ရက်နေ့မှာ စစ်ခုံရုံးကနေ သေဒဏ်အမိန့် ချမှတ်လိုက်တာပါ။

စစ်ကောင်စီက ဒဂုံတက္ကသိုလ် ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၀၂(က) နဲ့ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဥပဒေပညာရှင်တစ်ဦးက စစ်ခုံရုံးတွေမှာ သေဒဏ်ချမှတ်ရမယ့်အမှုတွေဆိုရင် တရားစွဲဆိုခံရသူတွေဘက်က ဥပဒေနဲ့အညီ ခုခံချေပခွင့်ရှိရမှာဖြစ်ပေမယ့် လက်ရှိသေဒဏ်အမိန့်ချမှတ်မှုတွေဟာ ခုခံချေပခွင့်အတွက် ရှေ့နေလိုက်ပါ ဆောင်ရွက်ခွင့် တစ်မှုမှမရှိနေဘူးလို့ ပြောပါတယ်။

“ဥပဒေပိုင်းအရ မြင်တာကတော့ သေဒဏ်ချမှတ်မယ့် အမှုမျိုးဆိုရင် တရားစွဲဆိုခံရသူတွေဘက်က ဥပဒေနဲ့အညီ ခုခံချေပဖို့အတွက် ရှေ့နေလိုက်ပါဆောင်ရွက်ခွင့် ရှိကိုရှိရပါတယ်။ အရပ်ဘက်ရုံးတွေမှာဆိုရင် ရှေ့နေလိုက်ပါဆောင်ရွက်ခွင့်မရှိဘဲနဲ့ သေဒဏ်အမိန့် ချမှတ်ခဲ့ရင် အဲဒီအမိန့်က အလိုအလျောက်ပျက်ပြယ်တဲ့ အမိန့်ဖြစ်တယ်ဆိုတဲ့ စီရင်ဆုံး ဖြတ်ခဲ့တဲ့ စီရင်ထုံးသာဓကတွေ ရှိပါတယ်။ အဲဒီတော့ ပွင့်လင်းမြင်သာမှုထက် ပိုအရေးကြီးတာက စစ်ခုံရုံးတွေမှာ အမိန့်ချမှတ်ခံရသူတွေအတွက် ဥပဒေနဲ့အညီ ခုခံချေပဖို့ လျှောက်လဲဖို့ ရှေ့နေမပါခြင်းကသာ ဥပဒေအရ အင်မတန်ကြီးမားတဲ့ အခွင့်အရေးဆုံးရှုံးမှုလို့ မြင်ပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ အနေအထားမှာတော့ ရှေ့နေလိုက်ပါဆောင်ရွက်ခွင့်ကတော့ တစ်မှုမှ မရှိဘူး”လို့ သူက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေမှာ ပြုလုပ်ထားတဲ့ စစ်ခုံရုံးအတွင်း တရားစီရင်မှုတွေဟာ တရားစွဲဆိုခံရသူတွေဘက်ကနေ ခုခံချေပပေးတဲ့ တပ်မတော်အရာရှိတစ်ဦး ထားပေးပေမယ့် ရှေ့နေတွေလောက် ဥပဒေနဲ့ ညီညီညွတ်ညွတ် ခုခံချေပနိုင်မှု အားနည်းမယ်လို့လည်း ဥပဒေပညာရှင်က ထောက်ပြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူတစ်ဦးကလည်း စစ်ခုံရုံးကနေ ပြစ် ဒဏ်စီရင်မှုတွေ ချမှတ်နေတာဟာ တရားဥပဒေအရ ပွင့်လင်းမြင်သာမှု မရှိသလို ပြန်လည်ချေပဖို့ ရှေ့နေငှားရမ်းခွင့် လုံးဝမရှိတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ ပြောပါတယ်။

“စစ်ခုံရုံးကနေပြီးတော့ သေဒဏ်ပဲ ချချ၊ဘယ်လိုပြစ်မှုမျိုးပဲ ချချ။ တရားဥပဒေအရ ဘယ်လိုမှ ပွင့်လင်းမြင်သာမှု မရှိဘူး။ စပြီးဖမ်းကတည်းက ပွင့်လင်းမြင်သာမှု မရှိတဲ့ဟာက တရားရုံးပေါ်ရောက်တဲ့အခါ စစ်ခုံရုံးဆိုပြီးတော့ ရှေ့နေတွေ လုံးဝငှားခွင့်မရှိဘူး၊ ထုချေခွင့် လုံးဝ မရှိဘူး။ ဒါက အင်မတန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်တယ်ဗျ”လို့ သူက ဆိုပါတယ်။

ဥပဒေပညာရှင်တွေရဲ့ အဆိုအရ သေဒဏ်အမိန့် ချမှတ်ပြီး ၇ ရက်အတွင်း အကျဉ်းထောင်အာဏာပိုင်တွေကနေ ဦးစီးပြီး စနစ်တကျရေးသားထားတဲ့ အယူခံလွှာကို အမိန့်ချမှတ်ခဲ့တဲ့ စစ်ဘက်အယူခံရုံးကို တင်သွင်းရမှာ ဖြစ်ပါတယ်။

အယူခံရုံးအနေနဲ့ တင်သွင်းလာတဲ့ အယူခံလွှာကို ပယ်ချလိုက်ရင် လူ့အခွင့်အရေးအတွက် အကျဉ်းထောင်ကနေဦးစီးပြီး လက်ရှိအခင်းအကျင်းအရ နိုင်ငံတော်အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ်ထံ အသနားခံလွှာကို ထပ်မံတင်သွင်းရမှာပါ။

တင်သွင်းလာတဲ့ အသနားခံလွှာ ပယ်ချလိုက်ရင် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သေဒဏ်ကို အတည် ပြုတဲ့ ကြိုးပေးကွပ်မျက်ဖို့ အမိန့်ကို ချမှတ်ပေးရမှာဖြစ်ပြီး အဲဒီအမိန့်ကနေတစ်ဆင့် သေဒဏ်စီရင်လို့ ရမှာဖြစ်တယ်လို့ ဥပဒေပညာ ရှင်တွေက ဆိုပါတယ်။

အကျဉ်းထောင်လက်စွဲဥပဒေအရ အယူခံအခွင့်အရေးနဲ့ အသနားခံအခွင့်အရေးဟာ သေဒဏ်အမိန့် ချမှတ်ခံထားရတဲ့ အကျဉ်းသားတိုင်းအတွက် ရပိုင်ခွင့်ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြကြပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်ကတော့ စစ်ကောင်စီအနေနဲ့ ပြိုကျပျက်စီးပြီးသား တရားဥပဒေကို ခုတုံးလုပ်ပြီး သေဒဏ်အမိန့်ချမှတ်တာဟာ လူသတ်မှုကျူးလွန်တဲ့ ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။

“ပြိုကျပျက်စီးပြီးသား တရားဥပဒေတွေ၊ တရားရုံးတွေ၊ တရားရေးတွေကို သူက (စစ်ကောင်စီ) ခုတုံးလုပ် အသုံးချပြီးတော့ လူသတ်မှုကျူးလွန်တဲ့ ကိစ္စသာဖြစ်တယ်။ ဒီနေရာမှာ ကျွန်တော်တို့က ပွင့်လင်းမြင်သာမှု ရှိရဲ့လား၊ ဘယ်လိုဖြစ်လဲဆိုတာ တွေးစရာကို မလိုတော့တာ။ ဘာကြောင့်လဲဆိုတော့ ဒီတရားရေးက ပြိုကျပျက်စီးပြီးသား ဖြစ်တယ်။စစ် တပ်ကနေ အလုံးစုံခြယ်လှယ်ပြီးသား ဖြစ်တယ်။အဲဒီလိုမျိုးဖြစ်တဲ့အတွက် ဒါဟာ စကားလုံးအရ တရားရုံးတွေ၊ တရားဥပဒေတွေ၊ တရားလမ်းကြောင်းအရတွေ၊ လုပ်ထုံးလုပ်နည်းတွေဆိုတာကို တပ်တယ်။ ဒါပေမယ့် အဲဒါလူသတ်မှုကျူး လွန်ဖို့ ကြိုးစားတာပဲ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ သေဒဏ်ချမှတ်ခံထားရသူတွေကို လက်တွေ့ စီရင်ကွပ်မျက်မှု ပြုလုပ်လာနိုင်မှာလားဆိုတာ မသိနိုင်တဲ့အတွက် လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ လေးလေးနက်နက် အာရုံစိုက်ပြီး လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ကိုမင်းဟန်ထက်က တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံမှာတော့ ၁၉၇၆ ခုနှစ် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်တုန်းက ကျောင်းသားခေါင်း ဆောင် ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်ပြီး သေဒဏ် စီရင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ သေဒဏ်အမိန့် ချမှတ်ခဲ့တာရှိပြီး လက်တွေ့စီရင်ကွပ်မျက်မှုတွေ မရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်မှာတော့ စစ်ကောင်စီက သေဒဏ်ကို လက်တွေ့စီရင်ခဲ့တာပါ။

စစ်ကောင်စီဟာ နိုင်ငံတကာအသိုင်းအဝိုင်းကပါ ကန့်ကွက်နေတဲ့ကြားက သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာ ကြိုးပေးကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာ ၁ ရက်နေ့အထိ စာရင်းတွေအရ စစ် တပ်အာဏာ သိမ်းတဲ့ ၂၂ လအတွင်း နွေဦးတော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်အမိန့် ချမှတ်ခံထားရသူပေါင်း ၁၃၂ ဦးအထိ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.