မော်လမြိုင်၊ ဒီဇင်ဘာ၊ (၂)
ဥရောပ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ ဂျာမနီနဲ့ ဘယ်လ်ဂျီယံအသင်းတို့ဟာ အုပ်စုအဆင့်မှာ တတိယနေရာသာ ရရှိခဲ့တဲ့အတွက် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ဂျာမနီအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကော်စတာရီကာအသင်းကို ၄ ဂိုး ၂ ဂိုး ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပေမယ့် အုပ်စုအတွင်း ပြိုင်ဘက်က ဂျပန်အသင်းက စပိန်အသင်းကို ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် တတိယနေရာနဲ့သာ ကျေနပ်ခဲ့တာပါ။
ဒါကြောင့် ဂျာမနီအသင်းဟာ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ကြိမ် ဆက်တိုက် အုပ်စုအဆင့်မှာပဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
ဘယ်လ်ဂျီယံအသင်းကလည်း အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပြိုင်ဘက် ခရိုအေးရှားအသင်းကို ဂိုးမရှိ သရေကျခဲ့တာကြောင့် ပြိုင်ပွဲကနေ ထပ်မံ ထွက်ခွာခဲ့ရတာပါ။
ဘယ်လ်ဂျီယံအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အတွက် နည်းပြ မာတီနက်ဇ်ကလည်း ရာထူးကနေ နှုတ်ထွက်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲထိ တက်ရောက်နိုင်ခဲ့ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာတော့ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာပါ။