ဒီမော့ဆို – ဒီဇင်ဘာ(၃)

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်ထဲက ကုန်းသာရွာနဲ့ သေးဆူလဲ ကျေးရွာတွေကို စစ်ကောင်စီ ဆီကနေ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု KRU က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀) ရက်နေ့က သေးဆူလဲ ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ် ကို ဒီမော့ဆိုPDF အပါအဝင် KNDF နဲ့ KA တို့က ပူးပေါင်းတပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်တွေ ကျေးရွာကို စွန့်ခွာသွားခဲ့ကြတာပါ။

သေးဆူလဲ ကျပြီးနောက်မှာတော့ ဒီမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကုန်းသာရွာမှာ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကစပြီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မ(၆၆) တပ်ဖွဲ့ဝင်တွေကို KRU၊KZG နဲ့ KA တို့က ပူးပေါင်းတိုက်ခိုက်ခဲ့လို့ ကျေးရွာကနေ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို စွန့်ခွာခဲ့ရတာကြောင့် ဒီနေ့ ဒီဇင်ဘာလ(၃) ရက်နေ့ မနက်ပိုင်းအထိ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ KRU သတင်းပြန်ကြားရေးတာဝန်ခံ က ပြောပါတယ်။

” မနေ့ကဆို တော်တော်လေးပစ်တယ်။မနေ့ကဆိုပစ်တာ ကုန်းသာကိုပဲ ၁၅လုံး အလုံး ၂၀ လောက်ရှိတယ်။ ဒီနေ့လဲ မနက် ၅နာရီလောက်မှာ အတွဲလိုက်ဒုံးတွေနဲ့ဆက်တိုက်ဆက်ပစ်တယ်။ မနက်ကတော်တော်လေးပစ်တယ်။အခုကျွန်တော်တို့ကနယ်မြေကိုရတယ်ပေါ့နော်။နယ်မြေကို ကြာကြာထိန်းထားမှာတော့မဟုတ်ဘူး။ထိန်းထားလို့ရမယ်လို့လည်းမထင်ဘူး။ဘာလို့လည်းဆို တော့သူတို့တချိန်မဟုတ်တချိန် စစ်ကြောင်းထိုးလာရင် အင်အားမမျှလို့ကျွန်တော်တို့ပြန်ပေး ရလိမ့်မယ်။”လို့ KRU သတင်းပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီလက်အောက် ပြန်မရောက်သွားအောင် ကြိုးပမ်းနေသလို ကျေးရွာနေလူထုကိုလည်း လုံခြုံမှုမရှိတဲ့အတွက် နေရပ် ပြန်မလာဖို့ တားမြစ်ထားသေးတယ်လို့ သူက ပြောပါသေးတယ်။

စစ်ကောင်စီတပ်ဖွဲ့ (၆) လကျော်တပ်စွဲနေထိုင်ခဲ့တဲ့ ကုန်းသာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း အနီးက ပြည်သူပိုင်အိမ်တွေကို ဖျက်ဆီးထားသလို ရွာထဲက အိမ်ခြေ (၁၃၀) လောက်ကိုလည်း မီးရှို့ဖျက်ဆီးထားတယ်လို့ သိရပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတိုက်ပွဲအတွင်း ဒေါငံခါးက စစ်ကောင်စီတပ်စခန်း၊ မိုးဗြဲ အခြေစိုက်၊ဒီးမော့ဆို ငွေတောင်အခြေစိုက်နဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ပေမယ့် KRU ရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

ကျေးရွာနှစ်ရွာက ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်က ကျည်ဆံ(၃၀) ၊ဆန်အိတ်၊စွပ်ဗုံးတွေနဲ့ လက်နက်ကြီးပစ်ခတ်ချိန်သုံးတဲ့ ပို့ယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KRU က ပြောပါတယ်။

ကယားပြည်နယ်မှာ ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူ (၂) သိန်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး သူတို့တွေအတွက် ကျန်းမာရေး နဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Karenni’s voice

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.