ပုလော၊ ဒီဇင်ဘာ (၃)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ၇ ဦး သေဆုံးသွားတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်အင်အား ၂၀ လောက် တပ်စွဲထားတဲ့နေရာကို မြိတ်ခရိုင်တပ်ရင်း(၁)အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် ၅ နာရီလောက်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာပြီးနောက် ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။တိုက်ပွဲပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က နယ်မြေရှင်းလင်းစဉ် သေဆုံးနေတဲ့ စစ်ကောင်စီတပ်သား အလောင်းတစ်လောင်းနဲ့ သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ခုကို တွေ့ရှိရတာကြောင့် အ လောင်းကို မီးရှို့ပေးခဲ့ပြီး လက်နက်တွေကိုတော့ သိမ်းဆည်းလာခဲ့တယ်လို့ သိရပါတယ်။

ပုလောမြို့နယ်ထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့အကြား မကြာခဏတိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.