ဘားအံ၊ ဒီဇင်ဘာ(၂)
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘုရားကုန်း BGF စခန်းပြုပြင်ဖို့ဆိုပြီး အတင်းအဓမ္မ လာရောက်ခေါ်ဆောင်သွားတဲ့ ဒေသခံ ၄၀ ဦးကို တစ်လနီးပါးကြာတဲ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ အမှတ်(၁၀၁၄) ကရင်နယ်ခြားစောင့်တပ် BGF က ဗိုလ်တင်ဝင်း ဦးဆောင်တဲ့အဖွဲ့ဟာ ဘုရားကုန်း BGF စခန်းပြုပြင်ဖို့ဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့မှာ ကုန်းတန်းကြီးနဲ့မီးဇိုင်းချောင်းဝကျေးရွာ ဒေသခံ အမျိုးသား၊ အမျိုးသမီး ၄၀ ဦးကို အတင်းအဓမ္မ လာရောက်ခေါ်ဆောင် သွားတာပါ။
BGF တပ်က အတင်းအဓမ္မလာရောက် ခေါ်ဆောင်သွားတဲ့ ဒေသခံတွေကို လုပ်အားခလည်း မပေးသလို သစ်ဝါးခုတ်ခိုင်းတာ၊ စခန်းပြုပြင်တဲ့ နေရာတွေမှာ အလုပ်ခိုင်းစေနေတယ်လို့ ဆိုပါတယ်။
KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်ကတော့ BGF တပ်အနေနဲ့ စစ်ကောင်စီ လမ်းစဉ်အတိုင်း အခုလိုဒေသခံတွေအပေါ် လူအခွင့်အရေး ချိုးဖောက်မှုတာ၊ အကြမ်းဖက်နေတဲ့ လုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်ဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ကလည်း တံတားဦး BGF စခန်းကနေ ဘီးလင်းမြို့နယ် မင်းစောနဲ့ တဂေးလောင်ကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ နေအိမ် ၉ လုံးနဲ့ ဘုရားကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့သေးတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ဘားအံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ထဲက BGF တပ်ဖွဲ့ဝင်တွေဟာ မကြာခဏဆိုသလို သူတို့စခန်းအတွက် လိုအပ်တဲ့ သစ်ဝါးတွေကို အတင်းအဓမ္မ ခုတ်ခိုင်းတာအပြင် ဒေသခံတွေကို ဖမ်းဆီးပြီး ငွေကြေးတောင်းခံတာတွေ ဆက်တိုက်ကျုးလွန်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်