ဝါရှင်တန်၊ ဒီဇင်ဘာ(၂)
ဆီးရီးယားနိုင်ငံ ဒါရာပြည်နယ်အတွင်းက ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးတစ်ရပ်မှာ အစ္စလာမ်မစ် စစ်သွေ းကြွခေါင်းဆောင် အယ်လ်ဟာဆန် အယ်လ်ဟာရှီမီကို သုတ်သင်နိုင်ခဲ့တယ်လို့ အမေရိကန် စစ်တပ်ကပြောကြားခဲ့ပါတယ်။
အဲဒီ စစ်ဆင်ရေးမှာ အမေရိကန် စစ်ဘက်တပ်ဖွဲ့ဝင်တွေ ပါဝင်ခြင်းမရှိဘူးလို့လည်း အမေရိကန်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုထားတာပါ။
ဗုဒ္ဓဟူးနေ့ အစောပိုင်းက IS အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ရဲ့ ချန်နယ်မှာ လွှင့်တင်ထားတဲ့ အသံဖိုင် မှာ အဲဒီ IS ခေါင်းဆောင်ဟာ တိုက်ပွဲမှာ ကျဆုံးခဲ့တာဖြစ်ကြောင်းကိုလည်း အတည်ပြု ပြောကြားခဲ့ပါတယ်။
ပြောရေးဆိုခွင့်ရှိသူက IS အဖွဲ့ခေါင်းဆောင်အသစ်ကိုလည်း ရွေးချယ်ခဲ့ပြီးဖြစ်တယ်လို့ ပြောဆိုထားသလို အသေးစိတ်အချက်အလက်မပါဝင်ပဲ သေဆုံးသွားတဲ့ ခေါင်းဆောင်ဟာ ဘုရားသခင်ရဲ့ ရန်သူတွေက တိုက်ခိုက်ခြင်းမှာ ကျဆုံးခဲ့တယ်လို့ ပါရှိတာပါ။
ဒါ့အပြင် IS ခေါင်းဆောင်သစ်အကြောင်း အသေးစိတ်ကိုလည်း အသံဖိုင်မှာ ဖော်ပြထားခြင်းမရှိပါဘူး။
နိုင်ငံတိုင်းရှိ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ဝင်တွေက ခေါင်းဆောင်အသစ်ကို သစ္စာခံနိုင်ဖို့အတွက် “သူ(ခေါင်း ဆောင်သစ်) ဟာ အစ္စလာမ်မစ်နိုင်ငံတော်ရဲ့ သစ္စာစောင့်သိတဲ့ သားတော်တွေထဲက တစ်ဦးဖြစ်တယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
အစ္စလာမ္မစ်နိုင်ငံတော်ဆိုင်ရာ စာအုပ်ကို ရေးသားသူ ဟာဆန် ဟာဆန် က IS အဖွဲ့ဟာ အင်အား လျော့နည်း သွားတယ်လို့ ပြောဆိုထားတာပါ။
“သူတို့မှာ အထင်ကရ ခေါင်းဆောင်ကောင်းတွေ မရှိတော့ဘူး။ မကြာသေးခင် အချိန်တွင်းမှာလည်း ကြီးကြီးမားမား တိုက်ခိုက်မှုတွေ မလုပ်ခဲ့ဘူး။ ဒါက အဖွဲ့ကို အဆုံးသတ်သွားတယ်လို့တော့မဆိုလိုပါဘူး” လို့ ပြောပါတယ်။
ထိုတိုက်ခိုက်မှုအတွင်း IS ခေါင်းဆောင်သေဆုံးတယ်ဆိုတဲ့ သတင်းကို အိမ်ဖြူတော်က ကြိုဆိုကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အိမ်နီးချင်း အီရတ်ပြည်တွင်းစစ်ရဲ့ မငြိမ်မသက်မှုတွေမှ အစ္စလာမ္မစ်နိုင်ငံတော်ပေါ်ထွက်ပြီး ၂၀၁၄ ခုနှစ်မှာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံရှိ နေရာအများအပြားကို သိမ်းပိုက်ခဲ့တာပါ။
လက်ကျန်ထောင်ပေါင်းများစွာသော စစ်သွေးကြွတွေကတော့ မကြာသေးမီနှစ်များအတွင်း အများစုမှာ ကွဲလွဲမှုတွေဖြစ်ပေါ်နေတဲ့ အီရတ်နဲ့ ဆီးရီးယားရဲ့ ဝေးလံခေါင်ဖျားတဲ့ ကုန်းတွင်းပိုင်းတွေမှာ ပုန်းအောင်းနေ ကြပေမယ့်လည်း သူတို့ဟာ သိသာထင်ရှားတဲ့ သောင်းကျန်းသူပုံစံ တိုက်ခိုက်မှုတွေကို ဆက်လက် လုပ်ဆောင် နိုင်စွမ်းရှိနေတာလည်း ဖြစ်ပါတယ်။
Ref, REUTERS