ရန်ကုန်၊ ဒီဇင်ဘာ (၂)
အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတွေရဲ့ ရှုတ်ချခြင်းခံရတဲ့ ဘဝတူ ရုရှားနဲ့ မြန်မာတို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ စီးပွားရေးနဲ့ စစ်ရေးလိုအပ်ချက်အရ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ တိုးမြှင့်လာတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနဲ့ ကြည်းတပ်ဦးစီးချုပ် ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာ အပါအဝင် ပညာရေး၊ကျန်းမာ ရေးနဲ့ နည်းပညာပိုင်းဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမယ့် အခြေအနေတွေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတွေ တိုးမြှင့်ဆောင်ရွက်မယ့် အခြေအနေတွေ၊ နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာနဲ့ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေတွေကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ ရုရှားနဲ့မြန်မာဟာ နိုင်ငံရေးရပ်တည် ချက် အခြေအနေတွေ တူနေတဲ့အတွက် စီးပွားရေးအရ စစ်ရေးနည်းပညာနဲ့ မဟာမိတ်ဆက်ဆံရေးတိုးမြှင့်ဖို့ ပေါင်းစည်းကြတဲ့ သဘောမျိုးဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“စီးပွားရေးကဏ္ဍအရ စစ်လက်နက်ပစ္စည်းနဲ့ အဆင့်မြင့်နည်းပညာဆိုင်ရာ ကိစ္စတွေမှာ တိုးမြှင့်ပြီး ဝင်ငွေရဖို့ အချိတ်ဆက်ရဖို့အတွက်ကို မြန်မာနိုင်ငံအနေနဲ့ သူ့ရဲ့ဈေးကွက်တစ်ခုအဖြစ် မြင်ထားပုံရတယ်။ မြန် မာနိုင်ငံအနေနဲ့ တခြားရွေးချယ်စရာ အများကြီးမရှိနေတဲ့အချိန်မှာ ရုရှားကလည်း ဒီလိုမျိုးလိုလိုလား လား ပတ်သက်ဆက်ဆံလာတဲ့ အချိန်မျိုးမှာ လိုအပ်ချက်အရ ဖြည့်ဆည်းပေးလိုက်တဲ့ မဟာမိတ်နိုင်ငံတစ်ခုအဖြစ် စစ်ကောင်စီက ရှုမြင်ပုံရတယ်။ အဲဒီလိုမျိုးသဘောနဲ့ သူတို့ချိတ်ဆက် ပေါင်းစည်းကြတယ်လို့ နားလည်လို့ ရပါတယ်ခင်ဗျ”လို့ သူက ပြောပါတယ်။
ဒါ့အပြင် ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ရုရှားနိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြစ်တင်ရှုတ်ချမှုတွေ ခံနေရတဲ့အတွက် စစ်အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ အတွေ့အကြုံတွေ ရှိနေတဲ့ မြန်မာနိုင် ငံဟာ ရှရုားအတွက် အရေးပါတဲ့ မိတ်ဖက်နိုင်ငံအဖြစ် ယူဆထားပုံရတယ်လို့ သူက ထောက်ပြပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)ကလည်း ရုရှားနဲ့ မြန်မာဟာ အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေရဲ့ ဝိုင်းဝန်းဆန့်ကျင်မှုကို ခံရတာချင်းတူတဲ့အတွက် ရင်းနှီးတဲ့ ဆက်ဆံရေးထူထောင်ဖို့ ဖြစ်လာတာလို့ ဆိုပါတယ်။
“ဘဝတူတွေဖြစ်သွားတဲ့အခါကျတော့ ပိုပြီးတော့ ရင်းနှီးတဲ့ဆက်ဆံရေးထူထောင်ဖို့ ဖြစ်လာတာပေါ့ဗျာ။တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူညီနိုင်တာ ကူညီကြတာပေါ့။ အဲဒီတော့ မြန်မာနိုင်ငံမှာ အခုလိုအပ်နေတဲ့ စီးပွား ရေးဖွံ့ဖြိုးတိုးတက်ဖို့ ၊ ရင်းနှီးမြှုပ်နှံမှုတွေလာဖို့၊ နောက်တစ်ခါ နျူကလီးယားနယ်ပယ်မှာဆိုရင်လည်း ရုရှားက ပိုပြီးတော့ နည်းပညာတွေ၊ ဘာတွေ ရှိတယ်ဆိုတော့ သွားပြီးဒါတွေ ပူးပေါင်းဆောင်ရွက်ချင်တဲ့အခါကျ သူကလည်း အလကားပေးတာမှ မဟုတ်တာ။ ရောင်းမှာဆိုတော့ စီးပွားရေးအရလည်း အကျိုး အမြတ်ရှိတယ်ဆိုတော့ ပူးပေါင်းဆောင်ရွက်မှု လုပ်ကြတာပေါ့”လို့ သူက ပြောပါတယ်။
တဖက်မှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက် ရုရှားနိုင်ငံကို သုံးကြိမ် သွားရောက်ထားတာ ဖြစ်ပါတယ်။
CDM ဗိုလ်ကြီး ကောင်းသူဝင်းကလည်း ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အတူတူပူးပေါင်းဆောင်ရွက်တဲ့ အနေအထား ဖြစ်နေတဲ့အတွက် နောက်ပိုင်းမှာလည်း အတူပေါင်းစည်းဆောင် ရွက်မယ့် ကိစ္စရပ်တွေ အများကြီး ရှိလာနိုင်တယ်လို့ ပြောပါတယ်။
“မင်းအောင်လှိုင်လိုမျိုး ရုရှားကို သွားခဲ့တာ သုံးကြိမ်ရှိတယ်။ ဒီလိုအခြေအနေမှာ နှစ်နိုင်ငံသဘောတူ စာချုပ်တွေအများကြီး ချုပ်ဆိုလာနိုင်တယ်လို့ ယူဆရပါတယ်။ ဒီလိုမျိုး အနေအထားကြောင့် ရုရှားအနေနဲ့ မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်ပြီး စစ်ရေး၊ စီးပွားရေး၊ အခြားသောနည်းပညာတွေ အများကြီးပေးတယ်။ အဲဒီအတွက် ရုရှားနဲ့ မြန်မာနှစ်နိုင်ငံ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုပြီးတော့ အတူတူပူးပေါင်းဆောင်ရွက်တဲ့အနေအထား ဆက်လက်တွေ့ရှိရပါတယ်။ ဒါအတွက် ရုရှားနဲ့ မြန်မာ ဆက်လက်ပြီးတော့ အခြားသော ပူးပေါင်းမှုတွေ ဆက်လက်ဆောင်ရွက်ပြီးတော့ ရှေ့ဆက်နှစ်နိုင်ငံပေါင်းစည်းမယ့် ကိစ္စတွေ အများကြီး ဆောင်ရွက်လာနိုင်မယ်လို့ မြင်ရပါတယ်”ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၁) ရက်နေ့ကလည်း ရှရုားနိုင်ငံကို သွားရောက်ခဲ့ကြတဲ့ စစ်ကောင်စီရဲ့ ကိုယ်စား လှယ် အဖွဲ့တွေဟာ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ဖြစ်နိုင်ခြေ အလားလာတွေကို ပူးပေါင်းလေ့လာဖို့ နားလည်မှု စာချွန်လွှာရေးထိုးခဲ့ကြတယ်လို့ ရုရှားနိုင်ငံအစိုးရပိုင် Rosatom အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။
နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံမှာ အသေးစားဓာတ်ပေါင်းဖိုတည်ဆောက်ရေး စီမံကိန်းအတွက် အခြေခံမူဘောင်တွေကို ရှရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား ပူးတွဲဖော်ဆောင်ကြမှာဖြစ်တယ်လို့ ဖော်ပြထားတာပါ။
သတင်း – သံလွင်တိုင်းမ်