မော်လမြိုင်၊ ဒီဇင်ဘာ(၂)
စစ်ကောင်စီ ကန့်သတ်ချက်တွေကြောင့် မွန်ပြည်နယ်မှာ ရော်ဘာဈေးနှုန်း ဆက်တိုက်ကျဆင်းလာတဲ့အတွက် ရော်ဘာခြံ အများစု ပိတ်သိမ်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ရော်ဘာစိုက်တောင် သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရော်ဘာဈေးနှုန်းဟာ စစ်ကောင်စီ ဗဟိုဘဏ်က ပို့ကုန်ရငွေ (၆၅) ရာခိုင်နှုန်းကို အလုပ်လုပ်ရက် (၁) ရက်အတွင်း သတ်မှတ်နှုန်းထားတဲ့အတိုင်း မြန်မာကျပ်ငွေနဲ့ မဖြစ်မနေ လဲလှယ်ရမယ်ဆိုတဲ့ ညွှန်ကြား ချက်ကြောင့် ဈေးနှုန်း ဆက်တိုက် ကျဆင်းလာတာ ဖြစ်ပါတယ်။
ရော်ဘာဈေးနှုန်းဟာ စစ်ကောင်စီ ဗဟိုဘဏ်က ညွှန်ကြားချက်မထုတ်မီ ရော်ဘာတစ်ပေါင်ကို ကျပ် ၁၈၀၀ လောက်ထိ ပေါက်ဈေးရှိရာကနေ လက်ရှိမှာတော့ တစ်ပေါင်ကျပ် ၁၁၀၀ ဝန်းကျင်ထိ ဈေးနှုန်း ကျဆင်းလာတာ ဖြစ်ပါတယ်။
ရော်ဘာခြံရှင်တစ်ဦးကတော့ စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် ရော်ဘာဈေးနှုန်း ဆက်လက်ကျဆင်းလာပါက မကြာမီကာလအတွင်း ရော်ဘာခြံအများစု လုပ်ငန်းတွေ ပိတ်သိမ်းလာနိုင်တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ကို မှီခိုတဲ့အလုပ်သမားတွေကိုတော့ လုပ်ကွက်ပေါ်အောင်၊ သူတို့စားဝတ်နေရေး အဆင် ပြေအောင် ကျွန်တော်တို့လည်း အလုပ်ပေးချင်တော့ ကိုယ်က မရှုံးနေသရွေ့တော့ နောက်ဆုံးအရင်းအတိုင်း ဘဲစား၊ ဘဲချေရရင်လည်း ကျွန်တော်တို့ကတော့ ခြစ်မှာပဲ။ ရော်ဘာဈေးကတော့ မနှစ်ကနှုန်းတောင်မရသေးဘူး။ မနှစ်က ကျွန်တော်တို့ (၃) (၄) (၅)ရက် ကောင်းကောင်း ခြောက်အောင်လှန်းပြီးရင် (၁၂၀၀) လောက်ရတာပေါ့နော်။ ဒီနှစ်ဆိုရင် ကျွန်တော် (၁၀)ရက်တစ်ခါ ကျွန်တော်သွားသွင်းရင် (၉၅၀)၊ (၁၀၀၀) ဒီလောက်ပဲရတယ်။ အဲဒီလိုမျိုးတွေဆိုတော့ ကျွန်တော်တို့ တွက်ခြေမကိုက်ဘူးပေါ့နော်။ အ မြတ်အစွန်း နည်းတယ်။ သို့သော် လုံးဝရှုံးပြီးဟေ့ ဆိုရင်တော့ ကျွန်တော်တို့နားမှာပေါ့။ ခြံပိတ်မှာပေါ့နော်”လို့ ဆိုပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က ပို့ကုန်ရငွေ (၆၅) ရာခိုင်နှုန်းကို အလုပ်လုပ်ရက် (၁)ရက်အတွင်း လဲလှယ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ကစပြီး အကြုံးဝင်မယ်လို့ ကြေညာပြီး ၁၀ ရက်အကြာမှာတော့ ရော်ဘာဈေးကွက်အတွင်း အရောင်းအဝယ် ရပ်တန့်လုနီးပါး ဖြစ်လာခဲ့တာပါ။
ရော်ဘာလုပ်ငန်းရှင် တစ်ဦးကလည်း စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် ရော်ဘာဈေးနှုန်း ဒီထက် ပိုမို ကျဆင်းလာပါက ရော်ဘာစီးပွားရေးလုပ်ငန်း တစ်ခုလုံး ရပ်တန့်သွားနိုင်တယ်လို့ သုံးသပ်တာပါ။
“အခုလောလောဆယ်မှာတော့ မှိုင်းခံပြား (၁၁၀၀) ဖြစ်နေတဲ့အချိန်မှာ သူတို့လုပ်ငန်းလည်ပတ်လို့ ရသေးတယ်။ တကယ်လို့ မှိုင်းခံပြားက (၉၀၀)လောက် ဖြစ်ပြီဟေ့ဆိုရင် သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှုနှုန်းက တဝက်လောက် လျော့သွားမယ်ထင်တယ်။ ရော်ဘာဈေးဟာ တကယ်လို့ ဒီထက်ထပ်ပြီး ဈေးကျမယ်ဆိုရင် ဒီဆိုလို့ရှိရင်တော့ စီးပွားရေး အော်တိုရပ်သွားမယ်လို့ ထင်တယ်။ မြန်မာနိုင်ငံရဲ့ရော်ဘာ ဈေးကွက်ကတအားကို အခုဆိုးရွားနေတယ် ဆိုတော့လေ”လို့ ဆိုပါတယ်။
ရော်ဘာတွေဟာ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်မထွက်ခင်က တရုတ်နဲ့ ထိုင်းနိုင်ငံဘက်က ဝယ်ယူမှုရှိခဲ့ပေမယ့် ညွှန်ကြားချက်ထွက်ပြီးနောက်မှာတော့ ရော်ဘာဝယ်ယူမှု လုံးဝရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရော်ဘာတွေကို တရုတ်နိုင်ငံဘက်က အနည်းငယ်ပြန်လည်ဝယ်ယူမှု ရှိနေပေမယ့် ဈေး နှုန်းလျော့ချပြီး ဝယ်ယူနေတာကြောင့် အရောင်းအဝယ် မရှိသလောက် နည်းပါးနေတာပါ။
တဖက်မှာတော့ ရော်ဘာစိုက်တောင်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ရော်ဘာသွင်းအားစု ဈေးနှုန်း (၄)ဆ နီးပါး မြင့်တက်လာတာ၊ လုပ်သားခနဲ့ အထွေထွေ ကုန်ကျစရိတ် မြင့်တက်နေတာကြောင့် အရှုံးနဲ့ရင်ဆိုင်ရမယ့် အခြေအနေနဲ့ ကြုံနေရပါတယ်။
မွန်ပြည်နယ်ဟာ ရော်ဘာ စိုက်ပျိုး ဧက (၅)သိန်းကျော်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ် ရော်ဘာတန်ချိန် (၁)သိန်းကျော်ထွက်ရှိသလို ရော်ဘာကဏ္ဍကနေ နှစ်စဉ်အမေရိကန် ဒေါ်လာသန်းနဲ့ချီ ရရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်