မော်လမြိုင်၊ ဒီဇင်ဘာ(၂)
၂ နှစ်နီးပါးအကြာ ပြေးဆွဲမှုရပ်နားထားတဲ့ မော်လမြိုင်-ရန်ကုန် ပြည်တွင်းလေကြောင်းလိုင်းကို လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့စပြီး တစ်ပတ်နှစ်ကြိမ် ပြန်လည်ပြေးဆွဲပေးသွားမယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မော်လမြိုင်-ရန်ကုန် ပြည်တွင်းလေကြောင်းလိုင်းဟာ ကိုဗစ်ရောဂါနဲ့အတူ ခရီးသည်ရရှိမှု နည်းပါးခဲ့တဲ့အတွက် ပြေးဆွဲမှုရပ်နားထားတာ ဖြစ်ပါတယ်။
အခုအခါမှာတော့ မော်လမြိုင်-ရန်ကုန် ပြည်တွင်းလေကြောင်းလိုင်းကို တစ်ပတ်လျှင် တနင်္လာနေ့နဲ့ သောကြာနေ့တိုင်းမှာ ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။
မော်လမြိုင်-ရန်ကုန် ပြည်တွင်းလေကြောင်းလိုင်း စီးနင်းလိုသူတွေအနေနဲ့ မော်လမြိုင်မြို့ရှိ လေ ကြောင်းပို့ဆောင်ရေးရုံးမှာ ကြိုတင်လက်မှတ် ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ခရီးသွားပြည်သူတွေဟာ မွန်ပြည်နယ်အထွက် ပဲခူးတိုင်းအဝင် ညောင်ခါးရှည်ရွာအနီးမှာ တပ်ဆင် စစ်ဆေးနေတဲ့ စစ်ကောင်စီရဲ့ X-Ray စက်ကြောင့် မော်လမြိုင်-ရန်ကုန်ခရီးစဉ်ကို အနည်းဆုံး ၁၀ နာရီကနေ ၁၄ နာရီလောက်ကြာအောင် စောင့်ဆိုင်းသွားလာနေရတဲ့အတွက် ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတာပါ။
မော်လမြိုင်လေဆိပ်ဟာ အရင်တုန်းက တစ်ပတ်တစ်ကြိမ် တနင်္လာနေ့တိုင်းသာ မော်လမြိုင်- ရန်ကုန်၊ မော်လမြိုင် -ကော့သောင်းခရီးတွေကို ပြေးဆွဲပေးခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်