အမှန် / အမှား
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်၊ အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လူ ထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “PDF များ မီးရှို့ဖျက်ဆီးမှု စစ်ကိုင်းတိုင်းအတွင်း ပိုမိုများပြား” ဆိုတဲ့ ရုပ်သံဖိုင်ကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ Ba Nyunt တယ်လီဂရမ်ကနေ နိုဝင်ဘာလ (၂၈ )ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ ” PDF များ မီးရှို့ဖျက်ဆီးမှု စစ်ကိုင်းတိုင်းအတွင်း ပိုမိုများပြားလာတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ” ဗွီဒီယိုရုပ်သံဖိုင်တွေပါ ဖြန့်ဝေခဲ့ကြတာပါ။
စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုတွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။
https://t.me/banyunt969/46479?single
ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
ဖြစ်စဉ်အမှန်ကတော့ စစ်တပ်ထောက်ခံသူလော်ဘီတွေ တင်ထားတဲ့ ဗွီဒီယိုဖိုင်ဟာ Phoenix-အထူးပြောက်ကျားတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဧပြီ(၃)ရက်နေ့က တင်ထားတဲ့ ရုပ်သံဗွီဒီယိုတစ်ခုသာ ဖြစ်ပါတယ်။
ဒီ ရုပ်သံထဲမှာ စစ်တပ်က ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရွာတွေကို မီးရှို့ဖျက်ဆီးသွားတာကြောင့် တခြားနေရာတွေ ထပ်မံကူးစက်မသွားအောင် ကျန်ရှိနေတဲ့အိမ်အပိုင်းအစတချို့ကို PDFတပ်သားတစ်ဦးက ကူဖျက်ပေးနေတဲ့ ရုပ်သံသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
“ကိုယ့်ပြည်သူတွေရဲ့အိမ်တွေ မီးရှို့ခံနေရတာကို လက်ပိုက်ကြည့်နေရတာလောက် ခံပြင်းစရာကောင်းတာ မရှိဘူးဗျာ။ ထမင်းမစားခင်ဆိုနေကျ သစ္စာတရားတွေထဲမှာ မိဘပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမဲ့တာဝန်ကို ကျနော်တို့မကျေပွန်နိုင်ခဲ့ဘူးဗျာ။စစ်ခွေးတွေကိုတော်လှန်ဖို့အတွက် ကျနော်တို့မှာ အင်အားရှိမှဖြစ်ဆိုတာ နည်းနည်းလောက် စာနာတွေး တောပေးကြပါ။ ပူးပေါင်းပါဝင်ပေးကြပါလို့ Phoenix အထူးပြောက်ကျားတပ်ဖွဲ့က ဗိုလ်လင်းယုန် က ရုပ်သံဖိုင်နဲ့အတူဧပြီလ၃ရက်က ရေးသားသတင်းထုတ်ပြန်ထားတာကို ဧပြီလ(၃)ရက်က စိစစ်တွေ့ရှိရပါတယ်။
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့”PDF များ မီးရှို့ဖျက်ဆီးမှု စစ်ကိုင်းတိုင်းအတွင်း ပိုမိုများပြားလာ” ဆိုတဲ့ ရုပ်သံဗွီဒီယိုနဲ့ သတင်းဟာစစ်တပ် ထောက်ခံသူတွေဘက်က PDF တွေ ကျူးလွန်သယောင် စွပ်စွဲရေးသားထားတဲ့ သတင်းအမှား တစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်