ရန်ကုန်၊ ဒီဇင်ဘာ (၂)

နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ်နိုဝင်ဘာလကုန်အထိ ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၂၆၀၀ ကျော်အထိ ရှိလာတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ဒီဇင်ဘာ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေထဲမှာ (၂၄၀) ကျော်ကို စစ်ကောင်စီက ထောင်တွင်းတရားရုံးတွေမှာ ပြစ်ဒဏ်စီရင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီက ပြစ်ဒဏ်ချမှတ်ထားတဲ့ အမျိုးသမီးတွေထဲမှာ သေဒဏ်ချမှတ်ခံရတဲ့ အမျိုးသမီး(၉) ဦးရှိပြီး တစ်သက်တစ်ကျွန်း ချမှတ်ထားတဲ့သူ(၁၁) ဦးရှိနေတယ်လို့ သိရပါတယ်။

အာဏာသိမ်းကာလအတွင်းမှာတော့ အမျိုးသမီး ၃၅၂ ဦး သေဆုံးထားပြီး၊ အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုအချက်အလက်တွေဟာ မြန်မာ့အမျိုးသမီးသမဂ္ဂနဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)တို့က ကောက်ယူထားတဲ့ စာရင်းတွေဖြစ်ပြီး မြေပြင်မှာ ဒီထက်အများကြီး ပိုနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တဖက်မှာတော့ အမျိုးသမီးတွေဟာ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးစခန်းတွေ၊ အချုပ်ထောင်၊အကျဉ်းထောင်တွေထဲမှာ ညှင်းပန်းနှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရသလို အခြေခံလူ့အခွင့်အရေးတွေလည်း ချိုးဖောက်ခံနေရတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အဆိုအရ နိုင်ငံတော် အာဏာကို လက်နက်အားကိုးနဲ့ မတရား အာဏာသိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုလက်ထက်မှာ နိုင်ငံရေးအကျဉ်းသူတွေ စံချိန်တင် ဖမ်းဆီးခံနေရတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.