သိမ်ဇရပ်၊ ဒီဇင်ဘာ(၁)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ရဲစခန်းကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် သိမ်ဇရပ်မြို့ထဲက ဒေသခံ ကလေးငယ် ၂ ဦး ထိမှန်ဒဏ်ရာရပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားတယ်လို့ KNU သထုံခရိုင်က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က သိမ်ဇရပ်နယ်မြေရဲစခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၄၀ မမ ကျည်ဟာ သိမ်ဇရပ်မြို့၊ အမှတ်(၃)ရပ်ကွက်ကြီး၊ တောင်တခြမ်းရပ်ကွက်ရှိ ဦးကျော်တင့် နေအိမ်ကို ကျရောက် ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဦးကျော်တင့်ရဲ့ သားဖြစ်သူ အသက် ၈ နှစ်အရွယ် မောင်မြင့်မြတ်နဲ့ တူဖြစ်သူ အသက် ၈ နှစ်အရွယ် မောင်သန့်စင်တို့ ၂ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့တဲ့ မောင်သန့်စင်မှာ စိုးရိမ်ရတဲ့ အခြေအနေကြောင့် ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနေပြီး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တဲ့ မောင်မြင့်မြတ်ကိုတော့ သိမ်ဇရပ်ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။
အဲဒီနေ့က သိမ်ဇရပ်နယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီရဲစခန်းဘက်ကနေ သိမ်ဇရပ်မြို့ထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တာလို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကွဲမှု ကော် မတီ ဥက္ကဋ္ဌ ဗိုလ်မှူး စောကျော်မြင့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဟာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကို ဆက် လက် စုံစမ်းနေတယ်လို့ ဆိုပါတယ်။
သိမ်ဇရပ်မြို့ရှိ စစ်ကောင်စီရဲစခန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်