မော်လမြိုင်၊ ဒီဇင်ဘာ (၁)

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းတုန်းက ပဲပုတ်နဲ့မြေပဲတွေ ဈေးကောင်းရရှိခဲ့ပေမယ့် အခုအခါမှာတော့ တစ်တင်းကို ကျပ် ၆၀၀၀ ကနေ ကျပ် ၉၀၀၀ အထိ ဈေးနှုန်း ပြန်လည်ကျဆင်းလာတယ်လို့ ပဲကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က ပိဿာ ၂၀ ပါတဲ့ ပဲပုတ်တစ်တင်းကို ကျပ် ၆၀,၀၀၀ ကျော် ပေါက်ဈေး ရှိခဲ့ပေမယ့် နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ တစ်တင်းကို ကျပ် ၅၂,၀၀၀ ထိ ဈေးနှုန်းကျဆင်းလာတာပါ။

ဒါ့အပြင် မြေပဲတစ်တင်းကလည်း ကျပ် ၁၁၀,၀၀၀ ကနေ ကျပ် ၁၀၀,၀၀၀ လောက်ထိ ဈေးနှုန်းကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

ပဲကုန်သည်တစ်ဦးကတော့ ပဲခူးအပါအဝင် အညာဒေသတချို့မှာ ပဲပုတ်နဲ့မြေပဲတွေ ပြန်လည်ထွက်ရှိလာပြီး ဖြစ်တာကြောင့် ဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းလာတာလို့ ပြောပါတယ်။“ပဲပုတ်က ဒေသထွက်ကုန်တွေဖြစ်တာမို့ ခါတိုင်းက ရှမ်းပဲပုတ်ပဲရှိတာ၊ အခုဆိုရင် ပဲခူးတိုင်းဒေသမှာလည်း ပဲပုတ်ထွက်ပြီ။ နောက်ကျွန်တော်တို့ဒေသမှာလည်း ပဲပုတ်အသစ်ထွက်တယ်။ အဲဒါကြောင့်မို့ ဈေးကွက်ပြန်လည် ကျဆင်းသွားတာပေါ့။ မြေပဲလည်း ဒေသထွက်ကုန်ပြန်ထွက်လို့ ဈေးပြန်ကျတာပေါ့။ ခါတိုင်း ပစ္စည်းနည်းတယ်ဆိုပြီး နည်းတဲ့အပေါ် ဈေးတွေပိုပေးပြီး ဝယ်နေကျတာ။ အခုက ပစ္စည်းနည်းနည်းပေါတော့ ဝယ်လိုအားနဲ့ ရောင်းလိုအားက အဲဒါကြောင့် ဈေးပြန်ကျသွားတာ”လို့ သူက ပြောပါတယ်။

ပဲပုတ်နဲ့မြေပဲဈေးနှုန်း ပြန်လည်ကျဆင်းလာပေမယ့် အလှူအတန်းတွေ နည်းပါးလာတာကြောင့် ဈေးကွက် အတွင်း အရောင်းအဝယ် အေးနေတယ်လို့ ဆိုပါတယ်။ပဲကုန်သည်တစ်ဦးကလည်း ပဲပုတ်နဲ့မြေပဲတွေဟာ ပြည်ပက ဝယ်ယူမှု နည်းပါးလာတာအပြင် ပြည်တွင်း ဈေးကွက်အတွင်း ဝယ်လိုအားနည်းနေတဲ့အတွက် ဈေးနှုန်းကျဆင်းလာရတာလို့ ပြောပါတယ်။

“ပဲပုတ်တွေကျတော့ ပြည်တွင်းမှာ ဝယ်လိုအားနည်းလာတယ်။ ဒီဘက်မှာ ဝါတွင်းကာလဆို သက်သတ် လွတ်စားသူတွေ ပဲပြားလုပ်တာ အခုက နည်းလာတယ်။ မြေပဲကတော့ အခုက နယ်စုံထွက်ပြီပေါ့။ နောက် ပြီးတော့ တရုတ်လိုင်းကလည်း အဝယ်နည်းတယ်။ အဲဒါကြောင့် နည်းနည်းလေး ဈေးပြန်အေးလာတာ တွေ့ရတယ်” လို့ သူက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ မြေပဲကို ကျိုက်မရော၊ချောင်းဆုံ၊မော်လမြိုင်၊ဘီးလင်းနဲ့ကျိုက်ထိုမြို့နယ်တို့မှာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြသလို ပဲပုတ်ကိုတော့ ရေးမြို့နယ်ကလွဲရင် ကျန်မြို့နယ်တွေမှာ စိုက်ပျိုးထုတ်လုပ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ကစပြီး ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို အလုပ်လုပ်ရက် ၁ ရက်အတွင်း သတ်မှတ်ထားတဲ့ ရည်ညွှန်းနှုန်းအတိုင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမယ်ဆိုတဲ့ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ကြောင့် ပြည်ပကို ပဲမျိုးစုံတင်ပို့နေတဲ့ လုပ်ငန်းရှင်တွေ အခက်ကြုံနေရတာပါ။

စစ်ကောင်စီဩဇာခံ ဗဟိုဘဏ် သတ်မှတ်ထားတဲ့ ပို့ကုန်တွေထဲမှာတော့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေ ပါဝင်ပါတယ်။

တဖက်မှာတော့ ပဲစိုက်တောင်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း အပါ အဝင် စိုက်ပျိုးရေးသွင်းအားစု ဓါတ်မြေသြဇာတွေနဲ့ အထွေထွေကုန်ကျစရိတ် အဆမတန် မြင့်တက်နေတဲ့အတွက် နာလန်မထူနိုင် ဖြစ်ရတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.