ဘီးလင်း၊ ဒီဇင်ဘာ(၁)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရေးဝင်ရောက် လှုပ်ရှားလာတာကြောင့် နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ဘီးလင်းမြို့နယ်မှာ နယ်မြေရှင်းလင်းရေး လုပ်ဖို့ဆိုပြီး စစ်ကြောင်းထိုး ဝင်ရောက်လာသလို အခြေစိုက်တပ်တွေကလည်း ညတိုင်နီးပါး ကျေးရွာတွေထဲကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ဘီးလင်းမြို့နယ်၊ မရမ်းကုန်း၊ခလောက်အင်း၊ ရေဝင်းကျေးရွာတို့မှာ စစ်ရေးဝင်ရောက် လှုပ်ရှားလာတဲ့အတွက် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားနေတာပါ။

KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်ကတော့ စစ်ကောင် စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ထပ်မံပြုလုပ်လာပါက နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန် လာနိုင်တယ်လို့ ဆိုပါတယ်။

“စစ်ရေးအခြေအနေကတော့ ပြီးခဲ့တဲ့ ၂၇ ရက်နေ့က ၄၀၄နဲ့ ၄၀၆ တပ်ချိန်းတာဆိုတော့ ကျွန်တော်တို့ အဖွဲ့တွေနဲ့ ဆွဲမိုင်းနဲ့ နောက်ပစ်ခတ်တာတို့ ဘာတို့ တစ်ခါဖြစ်တယ်။ သူတို့ရဲ့ လှုပ်ရှားမှုအပေါ်မှာပဲ မူတည်တယ်။ သူတို့ ဖက်က လှုပ်ရှားလာရင် ဖြစ်လာမှာပဲ” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း KNU တပ်မဟာ(၁) သထုံခရိုင် ဌာနချုပ် ရုံးဟောင်းနေရာကို လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦး ၂ လုံး ထိခိုက်ပျက်စီးထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့် BGF(ကမမောင်း)တပ်က လက်နက်ကြီး ၁၂၀ မမတွေနဲ့ လေးကေကျေးရွာကို ပစ်ခတ်ခဲ့တာကြောင့် ဒေသခံနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲမရှိတာ တစ်လကျော် ကြာမြင့်ခဲ့ပေမယ့် အခုအခါမှာတော့ စစ်ကောင်စီတပ်နဲ့ စစ်ရေးဝင်ရောက်လှုပ်ရှားမှုတွေကြောင့် နှစ်ဖက်စစ်ရေး ပြန်လည် တင်းမာနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.