ရန်ကုန် – ဒီဇင်ဘာ(၁)
စစ်ကောင်စီ ထောင်တွင်းတရားရုံးကနေ ဒဂုံတက္ကသိုလ် ကျောင်းသား(၇) ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ (၃၀) ရက်နေ့ က သေဒဏ်ချမှတ်လိုက်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ က သံလွင်တိုင်းမ် ကိုပြောပါတယ်။
ကျောင်းသားတွေကို ပြီးခဲ့တဲ့ ဧပြီလက ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးပြီး အခုလို အမိန့်ချမှတ်ခဲ့တာပါ။
စစ်ကောင်စီက ဒဂုံတက္ကသိုလ် ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ကိုသီဟထက်ဇော်၊ကိုဟိန်းထက်၊ကိုသက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်တို့ကို ပုဒ်မ ၃၀၂(က) နဲ့ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
“မနေ့က သေဒဏ်ချတယ်ဆိုတာ သူတို့မိသားစုတွေက ကျွန်တော်တို့ကို အကြောင်းကြားထား တာပါ။ အကုန်လုံး ကျောင်းသားတွေပါပဲ ကျောင်းသူတော့ မပါဘူး။ ထောင်ထဲမှာ သူတို့ကို နှိပ်စက်ခံခဲ့ရတာတွေ စစ်ကြောရေးဝင်ထားရတာတွေတော့ ရှိတယ်။ အရမ်းဆိုးဝါးတဲ့ ကျန်းမာရေး ပြဿနာတော့ မရှိဘူး” လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုက ကျောင်းသားပြည်သူတွေကို ပေါ်ပေါ်ထင်ထင် နှိပ်စက်သတ်ဖြတ်နေတာ တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပိုမိုအာရုံစိုက်သင့်တယ်လို့ သူက ပြောပါသေးတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ(၂၅) ရက်နေ့က ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်နဲ့ ကိုသူရဇော် တို့ကို စစ်ကောင်စီက ကြိုးပေးသတ်ဖြတ်ထားတာပါ။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သေဒဏ်ချမှတ်ခံထားရသူ (၇၂) ဦးရှိပြီး အဲ့ဒီထဲမှာ အသက်(၁၈) နှစ်မပြည့်သေးတဲ့ ကလေးသူငယ်(၂) ဦးပါဝင်ပါတယ်။
ဒါ့အပြင် စစ်ခုံရုံးက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၁) ဦး ရှိနေပြီး စုစုပေါင်းသေဒဏ် ချမှတ်ခံထားရသူ (၁၁၃) ဦးအထိရှိနေပါတယ်။
သံလွင်တိုင်းမ်အနေနဲ့ ကျောင်းသား(၇) ဦးကို သေဒဏ်ချမှတ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်ပိုင်ကို ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာတော့ မရှိခဲ့ပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ