မော်လမြိုင် – နိုဝင်ဘာ(၃၀)
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ စစ်ကောင်စီလုပ်ဆောင်တာတွေကို သုံးသပ်လေ့လာမှုတွေ ပြုလုပ်ပြီး နွေဦးတော်လှန်ရေးမှာ ပြည်သူကို နည်းလမ်းမှန်ကန်စွာ ဦးဆောင်မှုပေးဖို့ လိုအပ်တယ် လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၉) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၇၆) ကြိမ်မြောက်အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
“တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ စစ်ကောင်စီဘက်က နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ရေး အင်အားစုတွေကြား သွေးကွဲစေမယ့်၊ ဝေဝေဝါးဝါး ဖြစ်စေမယ့် နည်းလမ်းတွေ သုံးလာမှာ ဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒါတွေ အပေါ်မှာ ကျွန်တော်တို့ အစိုးရအနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်မှုတွေ၊ လေ့လာမှုတွေနဲ့ ပြည်သူကို နည်းလမ်းမှန်စွာ ဦးဆောင်မှုပေးနိုင်ဖို့ လိုအပ်ပါတယ်။” လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ CDM ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူ တွေ ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး IMM အစည်းအဝေးမှာ တိုင်ပင်ဆွေးနွေးတာတွေလုပ်ဆောင်နေ တယ်လို့ ဝန်ကြီးချုပ်က ပြောပါသေးတယ်။
နယ်စပ်ဖြတ်ကျော်ထွက်ပြေးတိမ်းရှောင်လာရသူတွေဟာ ဒုက္ခမျိုးစုံရင်ဆိုင်နေရပြီး အဲဒီဒုက္ခတွေရဲ့ အဓိက ရင်းမြစ်ဟာ စစ်ကောင်စီဖြစ်တဲ့အတွက် အမြန်ဆုံး အမြစ်ဖြတ်နိုင်ဖို့ တော်လှန်ရေးအင်အားစု တွေ၊တိုင်းရင်းသားမဟာမိတ် ERO တွေ တစ်ခုတစ်စည်းတည်း လက်တွဲလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ ပါတယ်။
လက်ရှိအချိန်မှာတော့ အခွန်ဘဏ္ဍာတွေကို ကဏ္ဍအလိုက် ကောက်ခံလာနိုင်တာ၊ ရရှိလာတဲ့ အခွန် ဘဏ္ဍာတွေကိုလည်း မြေပြင်မှာ ပြဿနာ တစ်စုံတစ်ရာမရှိဘဲညီညီမျှမျှ အကျိုးရှိအောင် စီမံခန့်ခွဲ နိုင်ဖို့လည်း ကြိုးစားအားထုတ်ကြဖို့လိုတယ်လို့ NUG ဝန်ကြီးချုပ်က ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာန IACC လုပ်ငန်း အဖွဲ့က International Donor တွေနဲ့ တွေ့ဆုံဖို့ ပြင်ဆင်ထားတဲ့ ဆွေးနွေးချက်တွေကို တင်ပြတာ တွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်