ဝါရှင်တန် – ဒီဇင်ဘာ(၁)
အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ထားတဲ့အစီရင်ခံစာတစ်ခုအရလာမယ့် ၂၀၃၅ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ လက်ရှိနျူကလီးယားတည်ဆောက်မှုအရှိန်အဟုန်အတိုင်း ဆက်လုပ်ရင် နျူထိပ်ဖူးပေါင်း (၁၅၀၀) အထိ သိုလှောင်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
တရုတ်ဟာ သူတို့ရဲ့ထိပ်ဖူးတည်ဆောက်မှုကို အရှိန်မြှင့်နေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ထုတ်ဖော်ပြောဆိုတာမရှိပေမယ့် နျူကလီးယားလက်နက်တိုက် တိုးချဲ့ဖို့ ရည်ရွယ်ချက်တွေ နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ စိုးရိမ်ပူပန်မှုကို ဖော်ပြထားတာပါ။
“သူတို့မှာ ဖုံးကွယ်ထားလို့မရလောက်အောင် များပြားလွန်းတဲ့ အရှိန်မြှင့်တည်ဆောက်မှုတွေ ရှိနေပါတယ်” လို့ အမေရိကန် အကြီးတန်းကာကွယ်ရေးအရာရှိတစ်ဦးက တရုတ်စစ်တပ် ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
၂၀၂၁ ခုနှစ်က လှုပ်ရှားမှုတွေကို အဓိကဖော်ပြထားတဲ့ အဲဒီအစီရင်ခံစာမှာ တရုတ်နိုင်ငံမှာ လက်ရှိအချိန်ထိ နျူကလီးယားထိပ်ဖူး(၄၀၀) ကျော်သိုလှောင်ထားတယ်လို့ ဖော်ပြထား ပါတယ်။
တရုတ်နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်အတွင်း ၂၀၃၀ ပြည့်နှစ်မှာ ဒုံးကျည်ထိပ်ဖူး (၁၀၀၀) ရှိလာမယ်ဆိုတဲ့ ပင်တဂွန်ရဲ့ ခန့်မှန်းချက်ဟာ မပြောင်းလဲဘဲ ဆက်လက်တည်ရှိနေပြီး ၂၀၃၅ ခုနှစ်အတွက် ခန့်မှန်းချက်မှာ တော့ ဒုံးကျည်ထိပ်ဖူး (၁၅၀၀) အထိရှိလာမယ်လို့ ခန့်မှန်း ထားတာဖြစ်ပါတယ်။
လက်ရှိမှာတော့ အမေရိကန်နဲ့ ရုရှားတို့ထက် တရုတ်ရဲ့ လက်နက်တွေဟာ နည်းပါးနေပြီး အမေရိကန်အနေနဲ့ သူတို့ရဲ့ နျူကလီးယား သိုလှောင်မှုကို တရုတ်အဆင့်ထိလျှော့ချရင် တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ တရုတ်ဘက်က ပြောထားပါတယ်။
အမေရိကန်နိုင်ငံမှာ နျူကလီးယားထိပ်ဖူး (၃၇၀၀) အထိသိုလှောင်ထားပြီး အဲဒီထဲက (၁၇၄၀) ကို တပ်စွဲထားတယ်လို့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPR) အကြံ ပေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ ကွန်မြူနစ်ပါတီကွန်ဂရက်မှာ တရုတ်ဟာ သူတို့ရဲ့ ဗျူဟာမြောက်ဟန့်တားမှုကို အားကောင်းစေမယ်လို့ ခေါင်းဆောင်ရှီကျင်းဖျင်က ပြောခဲ့ပြီး အဲဒါဟာ နျူကလီးယားလက်နက်တွေကို မကြာခဏဖော်ပြလေ့ရှိတဲ့ အသုံးအနှုန်း ဖြစ်တယ် လို့သိရပါတယ်။
ပင်တဂွန်ရဲ့ အစီရင်ခံစာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို တရုတ်ရဲ့ ဖိအားတွေတိုးမြင့်လာ မှာစိုးရိမ်တယ်လို့လည်း ဖော်ပြထားပါတယ်။
Ref: CNA