ကိဗ်ယက်၊ ဒီဇင်ဘာ(၁)

ဆောင်းရာသီတစ်လျှောက်လုံး ရုရှားရဲ့ ကျူးကျော်စစ်ကိုရင်ဆိုင်နေချိန် ကိဗ်ယက်မြို့ကို အထောက်အပံ့တွေ တိုးမြှင့်ကူညီဖို့ အနောက်မဟာမိတ်တွေက ကတိပြုထားတာကြောင့် နေတိုးအဖွဲ့ဝင်တွေကို ပျက်ဆီးသွားတဲ့ မဟာဓာတ်အားလိုင်းကို ပြန်လည်တည်ဆောက်ရာမှာ ကူညီပေးဖို့နဲ့ လက်နက်တွေ ပေးပို့မှုကို အရှိန်မြှင့် လုပ်ဆောင်ပေးဖို့ ယူကရိန်းက နိုဝင်ဘာလ (၂၉) ရက်နေ့မှာ တိုက်တွန်းခဲ့ပါတယ်။

မော်စကိုဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး သန်းနဲ့ချီတဲ့လူတွေကို အမှောင်ထုထဲကို တွန်းပို့ခဲ့တာပါ။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက ရိုမေးနီးယားနိုင်ငံမြို့တော်မှာ နှစ်ရက်ကြာကျင်းပနေတဲ့ နေတိုးနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကို တက်ရောက်ခဲ့ပြီး လက်နက်တွေတိုးမြှင့်ထောက်ပံ့ပေးဖို့ အထူးသဖြင့် အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို အမြန်ဆုံးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

“ကျွန်တော်တို့မှာ ထရန်စဖော်မာတွေနဲ့ မီးစက်တွေရှိလာတဲ့အခါ ယန္တရားတွေနဲ့ ဓါတ်အားလိုင်းတွေကို ပြန်လည်ထူထောင်နိုင်မှာဖြစ်ပြီး လူတွေကို သင့်တင့်လျောက်ပတ်တဲ့ နေထိုင်မှု အခြေအနေတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေရှိတဲ့အခါ ဒီအခြေခံအဆောက်အအုံကို နောက်ထပ်လာမယ့် ရုရှားဒုံးကျည်တိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်မှာပါ”လို့ သူက ပြောခဲ့တာပါ။

“အတိုချုပ်ပြောရရင် Patriots မစ်ဇိုင်းနဲ့ ထရန်စဖော်မာတွေဟာ ယူကရိန်းအတွက်အလိုအပ်ဆုံးအရာပါပဲ”လို့ အမေရိကန်လုပ် ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရည်ညွှန်းပြီး သူက ပြောကြားခဲ့ပါတယ်။
ဆောင်းရာသီကို စစ်ပွဲအတွက် လက်နက်တစ်ခုအဖြစ် အသုံးပြုဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားနေတယ်လို့ နေတိုးအကြီးအကဲ ဂျန်စတော့တန်ဘာ့ဒ်က စွပ်စွဲခဲ့ပြီးနောက် ယခုလို တောင်းဆိုမှု ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

နေတိုးမဟာမိတ်တွေဟာ ယူကရိန်းအတွက် အခြေခံအဆောက်အအုံတွေကို ပြုပြင်ဖို့ ပိုမိုပံ့ပိုးကူညီသွားမယ်လို့ နေတိုးအကြီးအကဲက ပြောကြားခဲ့ပါသေးတယ်။
ဝါရှင်တန်နဲ့ အခြားနိုင်ငံတွေက ကိဗ်ယက်ကို အခုအချိန်အထိ ပေးဆောင်ဖို့ငြင်းဆိုထားတဲ့ မစ်ဇိုင်းဒုံး ပံ့ပိုးပေး ရေးနဲ့ ပတ်သက်ပြီး ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

“နေတိုးက စစ်ပွဲမှာ ပါဝင်ပတ်သက်တဲ့ အစုအဖွဲ့ မဟုတ်ပေမယ့် ကျွန်တော်တို့ ယူကရိန်းကို ဆက်ပြီး ထောက်ခံသွားမှာပါ။ ငါတို့ နောက်ပြန်ဆုတ်မှာ မဟုတ်ဘူး” လို့ သူက ဆိုပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ မြေပြင်မှာ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ယူကရိန်းရဲ့  လျှပ်စစ်ဓါတ်အား လိုင်းတွေ ကို တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်ကြောင်းနဲ့ ဥရောပအနေနဲ့ ဒုက္ခသည်တွေ ပိုများလာနိုင် တဲ့အတွက် ပြင်ဆင်ထားသင့်တယ်လို့ သူက သတိပေးခဲ့ပါသေးတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ကိယက်ဗ်ရဲ့ အရေးကြီးသော လျှပ်စစ်ဓာတ်အား လိုင်း ကိရိယာတွေဝယ်ယူမှုပံ့ပိုးဖို့အတွက် အမေရိကန်ဒေါ်လာ ၅၃ သန်း တန်ဖိုးရှိ ပက်ကေ့ခ်ျကို ကြေညာ ခဲ့ပါတယ်။

အမေရိကန် အကြီးတန်း အရာရှိတစ်ဦးက အခုထောက်ပံ့မှုဟာ နောက်ဆုံးမဟုတ်ဘဲ ယူကရိန်းနဲ့ အိမ်နီးချင်း မော်လ်ဒိုဗာမှာ စွမ်းအင်သုံးစွဲမှုအတွက် ဘိုင်ဒင်အစိုးရက ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ အသုံးပြုထားတယ်လု့ိ ထောက်ပြ ပြောကြားခဲ့ပါတယ်။

Ref: The Straitstimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.