ဆားလင်းကြီး၊ နိုဝင်ဘာ (၃၀)
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ထန်းဇင်ကျေးရွာကို စစ်ကောင်စီတပ်တွေက ဒီနေ့နေ့လည်ပိုင်း မှာ ဝင်ရောက်မီးရှို့ခဲ့လို့ ဒေသခံပြည်သူတစ်ထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဆားလင်းကြီးမြို့နယ် ထန်းဇင်ကျေးရွာအနီးမှာ မနေ့က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့နိုဝင်ဘာ(၃၀) နေ့လည်မှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တာဖြစ်ပြီး အခုအချိန်မှာ အင်တာနက်ဖြတ်တောက်ခံနေရတယ်လို့လည်း သိရပါတယ်။
“ မနေ့က တိုက်ပွဲဖြစ်တယ်။ စစ်ခွေးတွေက မနေ့က ညနေက ရွှေကုန်းရွာမှာ တပ်စွဲထားလိုက်တော့ ပြည်သူ အချို့ရှောင်တိမ်းနေရတယ်။ အဲဒီတုန်းက အင်အား ၅၀လောက်ရှိတယ်။ ဒီနေ့မနက် ၇နာရီလောက်မှာ အင်အား ၃၀၀လောက်ဖြစ်သွားတယ်။သင်္ဘောနှစ်စင်းနဲ့ ရောက်လာတာ။ ဒီနေ့ နေ့လည် ၂နာရီ၄၀ လောက်မှာ ထန်းဇင်ကျေးရွာကို မီးလာရှို့တယ်။ ပြည်သူတွေ တိမ်းရှောင်နေရတယ်။ အခုဆို ထန်းဇင်နဲ့ အနီးနားရွာတွေက ပြည်သူ တစ်ထောင်လောက် စစ်ဘေးရှောင်နေရတယ်” လို့ ဆားလင်းကြီး Local defense force မှ တာဝန်ရှိ သူ ရဲဘော်မချယ်က သံလွင်တိုင်းမ်ကိုပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ဆားထုံးရွာမှာဝင်ရောက်တပ်စွဲနေပြီး ထန်းဇင်၊လက်ပံကျွန်း၊ဘောဂ၊ဆားထုံး၊ ဆားခါးတုံ၊ တောကျောင်း ကျေးရွာက ဒေသခံ တစ်ထောင်ခန့်ဟာ နီးစပ်ရာနေရာတွေမှာ ရှောင်တိမ်းထွက် ပြေးနေရတယ်လို့လည်း သူကဆိုပါတယ်။
စစ်ကောင်စီက ရွာတွေကိုမီးရှို့ဖို့ လုပ်ဆောင်နေတဲ့အပြင် လက်ရှိမှာ ကျေးရွာတွေက ပြည်သူနှစ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်