ကျိုက်ထို၊ ဒီဇင်ဘာ (၁)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကံကော်ရပ်ကွက်၊ ကံကော်လမ်းမကြီးထောင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းက ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ (AE) မိုင်းအောင်နေထွန်း သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ ညနေ ၅ နာရီကျော်လောက်မှာ ကျိုက်ထိုမြို့လျှပ်စစ်ရုံးကနေ မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးနေအိမ်ကို မီးပြင်ဖို့သွားတဲ့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ မိုင်းအောင်နေထွန်း အပါအဝင် လျှပ်စစ်ဝန်ထမ်း ၃ ဦးကို အမည်မသိ သေနတ်သမားတွေက ဆိုင်ကယ်နဲ့ လိုက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ မိုင်းအောင်နေထွန်းဟာ ရင်ဘတ်နဲ့ခေါင်းတွေမှာ သေနတ်ဒဏ်ရာ ၇ ချက်ရရှိပြီး ကျိုက်ထိုဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ မိုင်းအောင်နေထွန်းဟာ ကျိုက်ထိုမြို့နယ်အတွင်းရှိ မီတာခ မဆောင်တဲ့ ရပ်ကွက်၊ ကျေးရွာတချို့ လျှပ်စစ်မီး ဖြတ်တောက်ပြီးနောက် လျှပ်စစ်မီး ပြန်ရဖို့ဆိုရင် ငွေကြေး အဆမတန် တောင်းခံတာကြောင့် ပစ်ခတ်ရှင်းလင်းခံရတာလို့ သတင်းတွေထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ မိုင်းအောင်နေထွန်း သေဆုံးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းတချို့ကို ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ မိုင်းအောင်နေထွန်းကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်ခဲ့လဲဆိုတာ လက်ရှိအချိန်ထိ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ မိုင်းအောင်နေထွန်းဟာ အရင်က ပေါင်မြို့နယ်လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ရာထူးတိုးနဲ့ ကျိုက်ထိုမြို့နယ် လျှပ်စစ်ရုံးကို ပြောင်းရွှေ့ လာခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.