ကွာလာလမ်ပူ – နိုဝင်ဘာ(၃၀)

အစိုးရဌာနပစ္စည်း ဝယ်ယူရေးကို တင်ဒါလုပ်ငန်းစဉ်မပါဘဲ ခွင့်ပြုတော့မှာမဟုတ်ဘူးလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။ 

ပြည်သူ့ဝန်ထမ်းတွေကို ပြောတဲ့ သူ့ရဲ့ပထမဆုံးမိန့်ခွန်းမှာ မစ္စတာအန်ဝါက အစိုးရအဖွဲ့ကို သူဦးဆောင်ချိန်အတွင်း ဘဏ္ဍာရေးဆိုင်ရာ ယိုပေါက်တွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို ဆက်လက်ခွင့်ပြုသွားမှာမဟုတ်ဘူးလို့ ဆိုခဲ့တာပါ။ 

“အစိုးရ ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေကြတဲ့ လူတိုင်းကို အသင်းအဖွဲ့ တစ်ခုလို အလုပ်လုပ်ကြ ဖို့ ကျွန်ုပ်တောင်းဆိုပါတယ်။ ကျွန်ုပ်တို့တိုင်းပြည်ကို ကယ်တင်ဖို့ဆိုတဲ့ ကတိကဝက်လေးထားကြပါစို့” လို့ မလေးရှား ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ဝန်ကြီးချုပ်က အရင်အစိုးရရဲ့ သတိလက်လွတ်ပြုမှုတွေကို ဖော်ထုတ်ဖို့ စိတ်မဝင်စား ဘဲ နိုင်ငံကိုရှေ့ဆက်နိုင်ဖို့အတွက် သာအာရုံစိုက်ထားမှာဖြစ်တယ်လို့ ပြောပါသေးတယ်။ 

“မှေးမှိန်နေတဲ့ နိုင်ငံ့ဝန်ထမ်းရဲ့ ပုံရိပ်များကို ပြန်လည် ထိန်းသိမ်းရပါမယ်။ ဒီအရာကသာလျှင် ပြောင်းလဲ ခြင်းကို လုပ်‌ဆောင်နိုင်မှာပါ။ ယခင်ကာလများက ပေါ့‌လျော့မှုများဟာ သမိုင်းသာ ဖြစ်ပြီးတော့ ပြန် လည် တူးဖော်ဖို့ မသင့်ပါဘူး။ ကျွန်ုပ်တို့ကိုယ်ကို အနာဂတ်အတွက်သာ ပြင်ဆင်ရမှာပါ” လို့ မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်ဝါက ပြောခဲ့ပါတယ်။ 

မလေးရှားဝန်ကြီးချုပ်အသစ်ဟာ နိုင်ငံကို ရွှေရောင်နေ့ရက်တွေဆီ ပြန်လည်ရောက်ရှိစေဖို့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ဖို့အတွက် အစိုးရအဖွဲ့နဲ့အတူ လက်တွဲလုပ်ကိုင်ဖို့ ပြည်သူ့ ဝန်ထမ်းတွေကို တောင်းဆိုခဲ့ပါသေးတယ်။ 

သက်ဆိုင်ရာ နယ်ပယ်တွေမှာ အတွေ့အကြုံရှိတဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့ အကြံဉာဏ်တွေကို လည်း ကျယ်ကျယ်ပြန့်ပြန့်နားထောင်ပြီး အကျိုးရလဒ်ဖြစ်ထွန်းအောင် လုပ်ဆောင်သွား မယ်လို့ ဆိုခဲ့ပါတယ်။ 

မလေးရှားအစိုးရအဖွဲ့ရဲ့ တရားဝင်ဖြစ်မှုကို စမ်းသပ်တဲ့အနေနဲ့ လာမယ့် ဒီဇင်ဘာလ(၁၉) ရက်နေ့ ပါလီမန်အစည်းအဝေးမှာ ယုံကြည်မှုအဆိုတစ်ရပ်ကို တင်သွင်းဆုံးဖြတ်သွားဖို့ရှိတယ်လို့လည်း ရှိနေတယ်လို့ သိရပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.