မြဝတီ၊ နိုဝင်ဘာ (၃၀)

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေအတွင်းက သေ့ဘောဘိုးဒေသအပါအဝင် မြဝတီ-ဝေါ်လေ ကားလမ်းတစ်လျှောက်ကို နိုဝင်ဘာ(၂၈)ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။

KNU က ထိန်းချုပ်ထားတဲ့ ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါ်လေဒေသတစ်ဝိုက်နဲ့ မြဝတီ-ဝေါ်လေ ကားလမ်းတစ်လျှောက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းအပါအဝင် စစ်အင်အားအများ အပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို စစ်လက်နက်ကြီးမျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီဒေသတစ်ဝိုက်ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေကို မိမိဒေသကျေးရွာအတွင်း ပြန်လည်အခြေချနေထိုင်နိုင်ဖို့ စစ်ကောင်စီက လိုက်လံအသိပေးမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

အခုလို စစ်ကောင်စီတပ်က သေ့ဘောဘိုးအပါအဝင် မြဝတီ-ဝေါ်လေ ကားလမ်းတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီး နယ်မြေတည်ငြိမ်းအေးချမ်းနေပြီလို့ စစ်ကောင်စီထုတ်ပြန်ချက်အပေါ် ကရင်အမျိုးသားအစည်း အရုံး (KNU)နဲ့ ကော်ဘရာစစ်ကြောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းနေပေမယ့် လက်ရှိအချိန်ထိ အဆက်သွယ် မရသေးပါဘူး။

ကော်ဘရာစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူရဲ့ လူမှုကွန်ယက်ပေါ် ရေးသားဖော်ပြချက်အရ သေ့ဘောဘိုး စခန်းဟာ ကျသွားခြင်းမဟုတ်ပဲ စစ်ရေးအခြေအနေကို သုံးသပ်ပြီး ပူးပေါင်းတပ်ဖွဲ့တွေက စစ်ဒေသကို ခွာစစ်ဆင်ခဲ့တာဖြစ်ကာ ပူးပေါင်းတပ်ဖွဲ့ဟာ ဘေးကင်းစွာ ခွာစစ်ဆင်နိုင်ခဲ့သလို စစ်ကောင်စီတပ်က မထိန်းချုပ်နိုင်သေးဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရေးသားထားတာဖြစ်ပါတယ်။

တပ်မဟာ(၆)နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ သေ့ဘောဘိုးတပ်စခန်းကို ပြီးခဲ့တဲ့ မေလအတွင်းက KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဟာ သေ့ဘောဘိုးစခန်းကို ပြန်လည်သိမ်းပိုက်ရရှိနိုင်ဖို့အပါအဝင် မြဝတီ-ဝေါ်လေ ကားလမ်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ပူးပေါင်းတပ်ဖွဲ့တွေအပေါ် အင်အားအလွန်အကျွံ အသုံးပြုပြီး အခုလနိုဝင်ဘာလကုန်အထိ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။

အချိန် ၆ လနီးပါးကြာမြင့်ခဲ့တဲ့ စစ်ကောင်စီရဲ့ အဲဒီစစ်ဆင်ရေးမှာ စစ်ကောင်စီ ဗျူဟာမှူးအပါအဝင် တပ်ဖွဲ့ဝင်ရာနဲ့ချီ သေဆုံးထားပြီး ထိခိုက်ဒဏ်ရာသူတွေလည်း အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.