စစ်တွေ၊ နိုဝင်ဘာ (၃၀)
ရခိုင်ပြည်နယ်ထဲမှာ စစ်ရေး အကြောင်းပြချက်နဲ့ စစ်ကောင်စီဘက်က လနဲ့ချီ ပိတ်ဆို့ထားတဲ့ ကုန်လမ်း၊ ရေလမ်းအချို့ ပြန်ဖွင့်ပေးလိုက်ပေမယ့် နှစ်ဖက်စောင့်ကြည့်နေတဲ့ အခြေအနေကြောင့် စိတ်ချရတဲ့ အနေအ ထား မရှိသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရက္ခိုင့်တပ်တော်(AA) နဲ့စစ်ကောင်စီတပ်ရဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ထဲက ကုန်လမ်း၊ ရေလမ်းအချို့ကို စစ်ကောင်စီဘက်က လနဲ့ချီ ပိတ်ဆို့ထားခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ နှစ်ဖက် အပစ်အခတ် ရပ်စဲပြီးနောက် လမ်းအချို့ကို ပြန်ဖွင့်ပေးခဲ့တာပါ။
ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီက လမ်းပိတ်ဆို့ထားတဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ ရန်ကုန်-စစ်တွေ ကားလမ်းမ၊ စစ်တွေကနေ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးသွားတဲ့လမ်းတွေကို ဒီရက်ပိုင်းထဲ ပြန်ဖွင့်ပေးခဲ့တာပါ။
ဒါပေမယ့် လမ်းအချို့ ပြန်ဖွင့်ပေးလိုက်ပေမယ့် နှစ်ဖက် စောင့်ကြည့်နေတဲ့ အခြေအနေကြောင့် စိတ်ချရတဲ့ အနေအထား မရှိသေးသလို ပြည်သူအများစုကလည်း အခြေအနေကို စောင့်ကြည့်နေရတယ်လို့ စစ်ရှောင် အရေးကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။
“လမ်းဖွင့်လိုက်ပြီဆိုတာတောင်မှ မျက်စိဒေါက်ထောက်ကြည့်မယ့်လူတွေပါ။ ဘယ်သူတွေက ဘာလုပ်၊ အလှူ ငွေကို ဘယ်သူတွေက ဘယ်လိုပေးနေသလဲ။ ဘယ်သူတွေက ဦးဆောင်ပြီး လုပ်ပေးနေသလဲဆိုတာ စောင့် ကြည့်နေတာ။ အဲဒီမှာ အခန့်မသင့်ဘူး၊ တစ်ဖက်ဖက်ကနေ တစ်မျိုးမျိုး အမြင်စောင်းသွားရင် အဲဒီလူကို သူတို့က လာဆွဲသွားမှာပဲ။ အကုန်လုံးကို ကြောက်နေရတာဆိုတော့ ဒေသခံတွေကိုယ်တိုင်က အခြေအနေကို စောင့်ကြည့်နေရတုန်းပဲဗျ” လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
လမ်းတွေဖွင့်လိုက်ပြီဆိုပေမယ့် ရခိုင်စစ်ရှောင်တွေအနေနဲ့ လက်ရှိမှာ နေရပ်ပြန်ဖို့အတွက်လည်း ခက်ခဲနေ ဆဲဖြစ်ပြီး စစ်ရှောင်တွေကို အကူအညီပေးနေတဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ ပြည်တွင်းက အဖွဲ့အစည်းတွေကို သွားလာခွင့်ပိတ်ပင်ထားတာကို ဖြေလျော့လိုက်ခြင်း ရှိ၊ မရှိကိုတော့ စစ်ကောင်စီက တရားဝင် ပြန်လည် ဖြေဆိုထားတာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်မှာ နှစ်လကျော်ကြာရပ်နားထားတဲ့ ရွှေပြည်တန် အမြန်ရေကြောင်းလိုင်းကလည်း စစ်တွေ၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေကို ပြေးဆွဲနေတဲ့ လိုင်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ပြန်လည် ပြေးဆွဲတော့မယ်လို့ ကြေညာထားတာပါ။
ရခိုင်ပြည်သူတွေ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာတွေ ကူညီပေးနိုင်ဖို့အတွက် ကြားဝင်စေ့စပ်မှုတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘော တူညီလိုက်တာလို့ ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောကြားထားပါတယ်။
ဒေသခံတွေကတော့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းက ကူညီရေးအဖွဲ့တွေကို သွားလာခွင့် ပိတ်ထားတဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော နဲ့ ကျောက်တော်မြို့နယ်တွေကိုလည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေပြန်လည်သွားခွင့်ရဖို့ မျှော်လင့်နေ တယ်လို့ သိရပါတယ်။
ရခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေအတွင်းမှာ အရပ်သားပြည်သူအများအပြား သေဆုံးခဲ့ရသလို စစ်ကောင်စီ ရဲ့ ဖြတ်လေးဖြတ်ကြောင့် ဒေသခံတွေဟာ ဘက်ပေါင်းစုံ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်