မော်လမြိုင်၊ နိုဝင်ဘာ (၃၀)

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် အာဏာသိမ်းစစ်ကောင်စီက တရားစွဲထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာမှုတွေအတွက် လာမယ့်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမှတ်သွားမယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှု ဖွင့်လှစ်ထားတာပါ။

အဲဒီအမှုတွေအတွက် နိုဝင်ဘာ ၂၉ ရက်နေ့ ရုံးချိန်းမှာတော့ နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ပြီး လာမယ့် ဒီဇင်ဘာ ၆ ရက်နေ့ ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမှတ်သွားဖို့ ရှိနေပါတယ်။

စစ်ကောင်စီက စွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) အရ ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် တစ်နှစ် ဖြစ်စေ ဒါမှမဟုတ် ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအပေါ် အပြစ်မရှိကြောင်း ထွက်ဆိုထားပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရွေးကောက်ပွဲအမှုတွေကိုတော့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်က တရားလိုအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အသက် ၆၈ နှစ်အရွယ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်း ပြီးနောက် အမှု ၁၁ မှုအတွက် ထောင်ဒဏ် ၂၅ နှစ်အမိန့်ချမှတ်ပြီး ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.