မော်လမြိုင်၊ နိုဝင်ဘာ(၃၀)

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ၁၁ ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာ ကျင်းပဖို့ လျာထားတယ်လို့ မွန်လူငယ်ဆုံရပ် (MYF) က သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်လူငယ်နေ့ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက စတင်ကျင်းပလာတာဖြစ်ပြီး ဒီနှစ်ဆိုရင် ၁၁ ကြိမ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။

ဒီနှစ်မှာကျရောက်တဲ့ မွန်လူငယ်နေ့ကိုတော့ လက်ရှိနိုင်ငံရေး အခြေအနေကြောင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှာ ကျင်းပဖို့ လျားထားတာ ဖြစ်ပါတယ်။

မွန်လူငယ်နေ့ အခမ်းအနား ကျင်းပခွင့်ပေးဖို့ မွန်ပြည်သစ်ပါတီ (NMSP) ဘက်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းသွားဖို့ ရှိနေတယ်လို့ မွန်လူငယ်ဆုံရပ် (MYF) ပြောခွင့်ရ နိုင်မြင့်စိုးက ပြောပါတယ်။

“သူတို့ (NMSP) ထိန်းချုပ်နယ်မြေထဲမှာ လျာထားတာရှိတယ်။ ဒါပေမယ့်လည်း ဒါက ခွင့်ပြုချက်ရဖို့ရယ်၊ သူတို့က လူမျိုးရေးနဲ့ပတ်သက်တဲ့ပွဲတွေမှာ လက်ခံနေရာပေးတာ ရှိခဲ့တယ်။ ဒါပေမယ့် နိုင်ငံရေးအခြေအ နေအရကျတော့ ကျွန်တော်တို့ လုပ်မယ်၊ သူတို့လက်ခံလိုက်တာနဲ့ လုံခြုံရေးအထိုက်အ လျောက် သူတို့ပေးရမယ်။ အဲဒါ သူတို့ဘက်က နိုင်လား၊ မနိုင်လား သူတို့နဲ့ ကျွန်တော်တို့ ကြားမှာ အရင်ဦးဆုံးညှိနှိုင်းပြီးမှ သဘောတူညီမှုရမှ ဆက်လုပ်လို့ ရမှာပေါ့”လို့ သူက ပြောပါတယ်။

ဒါပေမယ့် မွန်လူငယ်နေ့အခမ်းအနားကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှာ ကျင်းပခွင့်မရရင် မော်လမြိုင်မြို့ ပေါ်ရှိ ခန်းမတစ်ခုမှာ ကျင်းပပြီး အွန်လိုင်းဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် လူငယ်တွေဆီ ပေးချင်တဲ့ မက်ဆေ့ချ်ရောက်ဖို့ လုပ်ဆောင်သွားဖို့ကိုလည်း ရည်ရွယ်ထားတယ်လို့ နိုင်မြင့်စိုးက ဆိုပါတယ်။

မွန်လူငယ်နေ့ဟာ မွန်လူမျိုးတွေရဲ့ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ခေါင်းဆောင်တွေကို ဂါရဝပြုဖို့၊ မွန်လူငယ်အချင်းချင်းကြားမှာ အပြန်အလှန် ချစ်ခင်ရင်းနှီးမှုတွေတိုးပွားလာဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ ကြိမ်မြောက် မွန်လူငယ်နေ့ကိုတော့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရာမညရဌမှာ ကျင်းပပြု လုပ်ခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အဓိကပစ်မှတ်ထား ဖမ်းဆီးခံရမှု အများဆုံးဖြစ်နေပြီး မွန်ပြည်နယ်မှာတော့ လူငယ်အရေးနဲ့ပတ်သက်ပြီး ကဏ္ဍပေါင်းစုံ လှုပ်ရှားမှုတွေ အရှိန်လျော့ကျလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.