မော်လမြိုင် – နိုဝင်ဘာ(၂၉)

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေအနေနဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာ မိတ်ဆွေ နိုင်ငံတွေများပြားလာအောင်ကြိုးပမ်းလုပ်ဆောင်ကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းခဲ့ပါတယ်။

ဒီနေ့ နိုဝင်ဘာလ(၂၉) ရက်နေ့မှာပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၇၆) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

“နိုင်ငံတကာကို ကြည့်ရင် နိုင်ငံအားလုံးဟာ မိတ်ဆွေတွေ ဖြစ်ဖို့ ခဲယဉ်းပေမယ့် ရန်သူတွေ မဖြစ်အောင်လုပ်ရမယ်ဆိုတာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် အားလုံးအနေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းမှာ မိတ်ဆွေနိုင်ငံတွေ များပြားလာအောင် ကြိုးပမ်းလုပ်ဆောင်ကြရမယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝန်ဟာ ပြည်တွင်းက လူထုရဲ့ သဘောထားတွေရဲ့ အရိပ်အယောင် တွေနဲ့ ချိန်ဆက်ထင်ဟပ်နေသလို လူထုအားကို နိုင်ငံတကာအသိုင်းအဝန်းက အလွန်အကျွံမငြင်းဆန် နိုင်တဲ့အတွက် တော်လှန်ရေးပုံရိပ်ကို ပြည်တွင်းက လူထုရဲ့ သဘောထားနဲ့ နိုင်ငံတကာအသိုင်းအဝန်း ရဲ့ သဘောထားကို ပူးတွဲချိတ်ဆက်ထားကြဖို့လည်း ယာယီသမ္မတက တိုက်တွန်းခဲ့ပါသေးတယ်။

မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်တွင်း၊ပြည်ပက နိုင်ငံသားတွေဟာ ထောက်ပံ့ရေး အရင်းအမြစ် တွေဖြစ်ပြီး ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိတဲ့ အစိုးရဟာ ရေရှည်ရပ်တည်ဖို့ ခဲယဉ်းတဲ့အတွက် NUG အနေနဲ့ ပြည်သူလူထု ထောက်ခံမှု မြင့်မားအောင်လုပ်ဖို့ လိုတယ်လို့ ဆိုခဲ့ပါတယ်။

အစိုးရအဖွဲ့ဝင်တွေအနေနဲ့ လူထုထောက်ခံမှုရချင်ဇောနဲ့ လက်တွေ့နဲ့ ကင်းကွာတဲ့ မျှော်လင့်ချက် တွေကို အထိန်းအကွပ်မဲ့ ပြောဆိုလုပ်ဆောင်တာတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့လည်း ယာယီသမ္မတက သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.