ထားဝယ်၊ နိုဝင်ဘာ (၃၀)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကြက်ခြေနီ ဒုတပ်ဖွဲ့မှူးအပါအဝင် ၄ ဦးကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက် ၈ နာရီလောက်မှာ ထားဝယ်မြို့မယ်ဒီလန်းပုဂ္ဂလိကဆေးရုံမှာ အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ ဆေးကုသမှုခံနေရတဲ့ အသက် ၂၀ အရွယ် ကိုအတာမင်းဆိုတဲ့ လူငယ်တစ်ဦးကို စစ်ကောင်စီက အရင်ဆုံးဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်က ကိုအတာမင်းရဲ့ မိဘ ၂ ဦးကို ဆေးရုံသို့လာဖို့ ဖုန်းဆက်ခေါ်ဆောင်ပြီးနောက် ထပ်မံဖမ်းဆီးခဲ့တာပါ။

ကိုအတာမင်းနဲ့ မိသားစုဝင် ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီပြီးနောက် အဲဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ တနင်္သာရီတိုင်း ကြက်ခြေနီရုံးမှာ အစည်းအဝေးထိုင်နေတဲ့ ထားဝယ်ခရိုင် ကြက်ခြေနီ ဒုတပ်ဖွဲ့မှူး ဦးကိုကိုနိုင်ကို ထပ်မံဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ထားဝယ်ခရိုင် ကြက်ခြေနီ ဒုတပ်ဖွဲ့မှူးအပါအဝင် ၄ ဦးကို စစ်ကောင်စီတပ်က ဘာကြောင့်ဖမ်းဆီးသွား လဲဆိုတာ မသိရသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ဖမ်းဆီးသွားတဲ့ ထားဝယ်ခရိုင် ကြက်ခြေနီဒုတပ်ဖွဲ့မှူး အပါအဝင် ၄ ဦးကို စစ်ကြောရေးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူ ၁၀၀၀ ကျော် ဖမ်းဆီးခံထားရပြီး ဖမ်း ဆီးခံ ပြည်သူအများစုကို စစ်ကောင်စီတပ်က ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ဒဏ်၊ ပြစ်ဒဏ် အသီးသီးချမှတ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.