ရှန်ဟိုင်း – နိုဝင်ဘာ(၂၉)
တရုတ်နိုင်ငံရဲ့ တင်းကြပ်တဲ့ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် နိုင်ငံအနှံ့သုံးရက်ကြာ ဆန္ဒပြပွဲ တွေဖြစ်ပွားနေပြီး ရှန်ဟိုင်းမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့နိုဝင်ဘာလ (၂၇) ရက်နေ့ညပိုင်းက ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပေါ်နေပါတယ်။
သမ္မတရှီကျင်းဖျင် အာဏာရလာချိန်ကစပြီး တရုတ်နိုင်ငံမှာ အာဏာဖီဆန်မှုလှိုင်းဟာ မကြုံစဖူး ဖြစ်ပေါ်နေပြီး ရှီရဲ့ ကိုဗစ်သုလ မူဝါဒကို သုံးနှစ်နီးပါးကြာအောင် မကျေနပ်မှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။
“ကျွန်တော်က ကိုယ့်နိုင်ငံကိုချစ်လို့ ဒီကိုရောက်နေပေမယ့် အစိုးရကိုမကြိုက်ပါဘူး၊ လွတ်လွတ် လပ်လပ် သွားလာချင်တယ် ဒါပေမယ့် ကျွန်တော်လုပ်လို့မရဘူး၊ ကျွန်တော်တို့ရဲ့ COVID-19 မူဝါဒဟာ ဂိမ်းတစ်ခုဖြစ်ပြီး သိပ္ပံပညာ သို့မဟုတ် လက်တွေ့ဘဝတွင် အခြေမခံပါဘူး” လို့ Shaun Xiao အမည်ရှိ ဆန္ဒပြသူတဦးက ပြောပါတယ်။
နိုဝင်ဘာလ(၂၇) ရက်နေ့က ဆန္ဒပြသူတွေဟာ ဝူဟန်နဲ့ တခြားမြို့တွေမှာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ ကြပြီး တရုတ်နိုင်ငံတစ်ဝှမ်းက တက္ကသိုလ်ကျောင်းတွေမှာလည်း ကျောင်းသားတွေ ဆန္ဒပြဖို့ စုရုံးနေကြတယ်လို့ သိရပါတယ်။
“ကျွန်ုပ်တို့ဟာ Mask ကိုမလိုချင်ပါ၊ ကျွန်ုပ်တို့ လွတ်လပ်မှုကိုလိုချင်ပါတယ်။ ကျွန်ုပ်တို့ဟာ ကိုဗစ် စမ်းသပ်မှုကိုမလိုလားပါ၊ ကျွန်ုပ်တို့ လွတ်လပ်မှုကိုလိုချင်ပါတယ်” ဆိုတဲ့ ကြွေးကြော် သံတွေနဲ့ ဆန္ဒပြတဲ့အဖွဲ့တွေ အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။
ရှင်ကျန်းဒေသရဲ့ မြို့တော်မှာ အဆောက်အဦးတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူမှုကွန်ရက်မှာ တင်ထားတဲ့ ရုပ်သံဖိုင်မှာတော့ နေထိုင်သူ (၁၀)ဦးကျော်သေဆုံးခဲ့တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ် လာတာဖြစ်ပါတယ်။
မြို့တာဝန်ရှိသူတွေရဲ့ ကိုဗစ်အစီအမံတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေတယ်လို့ စွပ်စွဲခဲ့ပြီး မြို့နေထိုင်သူ(၄) သန်းဟာ အရှည်ကြာဆုံး လော့ဒေါင်းလုပ်ခံထား ရပြီး သူတို့ရဲ့ နေအိမ်တွေကနေ ရက်ပေါင်း (၁၀၀) တိုင် မထွက်ခွာဖို့ တားမြစ်ခံရတာလည်း ဖြစ်ပါတယ်။
ဒီစွပ်စွဲချက်တွေကို ငြင်းဆိုဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၆) ရက်နေ့အစောပိုင်းက တာဝန်ရှိသူ တွေဟာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါသေးတယ်။
“ကျွန်ုပ်တို့ရဲ့ အခြေခံ လူ့အခွင့်အရေးကို လိုချင်ပါတယ်၊ ကျနော်တို့ဟာ စစ်ဆေးမှုမခံယူဘဲ နေအိမ်ကနေ ထွက်သွားခွင့် မရပါဘူး၊ ဒီအဖြစ်အပျက်ဟာ ရှင်ကျန်းက လူတွေကို အဝေးကို တွန်းပို့နေတာပဲ” လို့ အမည်မဖော်လိုတဲ့ ဆန္ဒပြသူတစ်ဦးက ရိုက်တာကိုပြောပါတယ်။
ရာနဲ့ချီတဲ့ လူတွေစုဝေးပြီးနောက် လူစုခွဲဖို့ ကြိုးပမ်းနေတဲ့ ရဲတွေနဲ့ တချို့က ရုန်းရင်ဆန်ခတ်မှု တွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ရှီကျင့်ဖျင်လက်အောက်မှာ သဘောထားကွဲလွဲမှုတွေကို ကန့်သတ်ဖယ်ရှားတဲ့ တရုတ်နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် လူထုဆန္ဒပြမှုဟာ ရှားရှားပါးပါးဖြစ်ပြီး နိုင်ငံသားအများစုဟာ သူတို့ရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ လူမှုကွန်ရက်မီဒီယာမှာ ဆင်ဆာတွေနဲ့ ပိတ်ပင်ခံထားရတယ်လို့ သိရပါတယ်။
ရှန်ဟိုင်းမှာ နေထိုင်သူ(၂၅)သန်းကို ဒီနှစ်အစောပိုင်းမှာ နှစ်လကြာလော့ဒေါင်းချထားပြီးတည်းက တရုတ်အာဏာပိုင်တွေဟာ သူတို့ရဲ့ ကိုဗစ်ကန့်သတ်ထိန်းချုပ်မှုတွေကို ပိုမိုလုပ်ဆောင်ဖို့ကြိုး ပမ်းခဲ့ပြီး နိုင်ငံတွင်း ပထမဆုံးဆောင်းရာသီကို ရင်ဆိုင်ရချိန်မှာ ကူးစက်မှုတွေဟာ အိုမီခရွန်မျိုး ကွဲနဲ့အတူ များပြားလာတဲ့အတွက် စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
Ref: CN A