မော်လမြိုင် – နိုဝင်ဘာ(၂၃)

ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးထိန်းချုပ်နိုင်စွမ်းတွေမြင့်မားလာတာနဲ့အတူ စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ မဝေးတော့ဘူးဆိုတာ သူတို့ နားလည်သဘောပေါက်နေပြီလို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဒီနေ့နိုဝင်ဘာလ(၂၃) နေ့မှာ PDF ရဲဘော်တွေကို အပတ်စဉ်ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။

“ ငါတို့ရဲဘော်တွေဘယ်လောက်စွမ်းခဲ့ကြတယ်၊ ရှေ့မှာဆက် ပြီး ဘာတွေ အစွမ်းပြကြ လိမ့်ဦးမယ် ဆိုတာ ရန်သူကောင်းကောင်းအကဲခတ်နိုင်တယ်၊ စစ်အာဏာရှင်ရဲ့နောက်ဆုံးနေ့ မဝေး တော့ဘူး ဆိုတာလည်း သူတို့ နားလည်သဘောပေါက်နေပြီလို့ ပြောချင်တယ်” NUG ကာကွယ် ရေးဝန်ကြီး က ပြောခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးအနှေးအမြန်ဆိုတာ မိမိတို့ရဲ့ စိတ်ဆန္ဒတစ်ခုတည်းအပေါ်မှာ စီမံဆောင်ရွက်လို့ ရတာမျိုးမဟုတ်ဘဲ ခြေလှမ်းနှေးတာ မြန်တာထက် ခြေလှမ်းမမှားဖို့ အရေးကြီးပြီး ခြေလှမ်းမှန်မှန်လှမ်းနိုင်ရင် ပန်းတိုင်ဟာ တစ်နေ့ထက်တစ်နေ့ နီးလာမှာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါသေးတယ်။

စစ်အာဏာရှင်တွန်းလှန်ရေးအတွက် တော်လှန်ရေးလမ်းမလွဲဖို့ တော်လှန်ရေးလမ်းမချော်ဖို့ အတွက် အချင်းချင်းစိတ်ဝမ်းမကွဲရေး၊ နားလည်မှုရှိရေးဟာ အရေးကြီးတယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးက ထောက်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ နိုင်ငံရေး၊ စစ်ရေးနဲ့ နိုင်ငံတကာရေးတွေမှာ အဖက်ဖက်က ဘေးကျပ်နံကျပ် ဖြစ်နေတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးရဲ့ အရှိန်အဟုန်ကို လျှော့ချဖို့နဲ့ နိုင်ငံတကာဖိအားတွေ လျှော့ချဖို့အတွက် နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပြနေတာဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအဖွဲ့ အစည်းတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံလာတာဟာ အာဏာသိမ်းစစ်ကောင်စီအတွက် စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက ကပြောခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.