ရန်ကုန်၊ နိုဝင်ဘာ (၂၃)

လာမယ့်နှစ် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး အခွန်ရှောင်သူတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနကနေ အများပြည်သူများသိရှိလိုက်နာရန်ဆိုတဲ့ သတ်မှတ်ချက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်အရ အခွန်ရှောင်ရှားတာ၊ အခွန်လျော့နည်းပေးဆောင်တာ၊ အခွန်ဆိုင်ရာ သတင်းအချက် အလက်တွေ လွဲမှားဖော်ပြတာနဲ့ အခွန်ရှောင်တိမ်းတာတို့နဲ့ ပတ်သက်ပြီး လိုက်နာကျင့်သုံးဖို့ စစ်ကောင်စီ ပြည်တွင်းအခွန်များဦးစီးဌာနက အခုလို သတ်မှတ်ထားတာပါ။

ဘယ်သူမဆို အခွန်ဆိုင်ရာ ဥပဒေတွေကို နားလည်သဘောပေါက်ပြီး ထိုက်သင့်တဲ့အခွန်ကို ရှောင်ရှားနိုင်ဖို့ အခွန်ဆိုင်ရာလိုက်နာရမယ့် ကျင့်ဝတ်တွေကို ဖောက်ဖျက်ပြီး အခွန်ပေးဆောင်ထိုက်တဲ့ ဝင်ငွေ ဒါမှမဟုတ် ပေးဆောင်ရမယ့် အခွန်ကို လျော့နည်းအောင်ဆောင်ရွက်ခြင်းဖြစ်ရင် အခွန်ရှောင်ရှားကြောင်း မှတ်ယူမယ်လို့ ဆိုပါတယ်။

ကြိုတင်ကြံရွယ်ချက်နဲ့ ကာလကြာရှည် အခွန်ကြေညာလွှာတင်သွင်းဖို့ ပျက်ကွက်တာ၊ဝင်ငွေ၊ ရငွေနဲ့ ရောင်းရငွေတို့ကို လျော့နည်းဖော်ပြတာ၊ သက်သာခွင့်တွေကို လိမ်လည်တောင်းခံတာ၊ တန်ဖိုးလျော့ငွေတွေကို မရိုးမဖြောင့်တဲ့နည်းနဲ့ တောင်းခံတာ၊ စာရင်းအထောက်အထားတွေ မှားယွင်းတင်ပြတာ စတဲ့အချက်တွေကိုလည်း ပေါ့ဆမှု ဒါမှမဟုတ် မရိုးမဖြောင့်တဲ့ ရည်ရွယ်ချက်နဲ့ အခွန်လျော့နည်းပေးဆောင်ကြောင်း မှတ်ယူမယ်လို့ ဖော်ပြထားတာပါ။

စီးပွားရေးပညာရှင်တစ်ဦးကတော့ အခွန်ရုံး၊လျှပ်စစ်မီတာရုံးတွေမှာ မလုံခြုံမှုတွေ ရှိနေတဲ့အပြင် စီးပွား ရေးအဆင်မပြေမှုတွေကြောင့် ပြည်သူတွေ အခွန်မဆောင်လိုက်ရတာလည်း အများကြီး ရှိနေတာလို့ ပြောပါတယ်။

စစ်ကောင်စီကတော့ ဝင်ငွေ၊ ရငွေနဲ့ ရောင်းငွေတို့ကို တမင်ထိန်ချန်တာ၊ အခွန်ကြေညာလွှာမှာ မမှန် ကန်တဲ့ အချက်အလက်တွေ ရေးသားဖော်ပြတာ၊ ကုန်ပစ္စည်းတွေကို တရားမဝင်တင်သွင်းတာ၊ တင်ပို့တာ၊ အခွန်အရကောက်ခံတာကို ရှောင်လွှဲနိုင်ဖို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို လွှဲပြောင်းတာ၊ ဘဏ်စာရင်းဖွင့်လှစ်ထားတာတွေကို ထိန်ချန်ထားတာ၊ ဘဏ္ဍာရေးရှင်းတမ်းတွေ တစ်ခုထက် ပိုမိုထားရှိတာကိုလည်း မှားယွင်းတဲ့ ဒါမှမဟုတ် လမ်းလွဲစေနိုင်တဲ့ ဖော်ပြချက်တွေအဖြစ် သတ်မှတ်မယ်လို့ ဆိုထားတာပါ။

အဲဒီအချက်တစ်ခုခုနဲ့ ငြိစွန်းပြီး အခွန်ရှောင်သူတွေကို အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေနဲ့ အရေးယူမယ့်အပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ ထပ်မံတရားစွဲဆို ခံရနိုင်တယ်လို့ စစ်ကောင်စီ ပြည် တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနကတော့ အခွန်ဆိုင်ရာဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တာ ဒါမှမဟုတ် အခွန်ဆိုင်ရာ ပျက်ကွက်မှုတစ်ရပ်ရပ်ကြောင့် နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာငွေဆုံးရှုံးမှု ပမာဏများပြားတာတွေကို အခွန်တိမ်းရှောင်တာလို့ မှတ်ယူပြီး ရာဇဝတ်ကြောင်းအရ အရေးယူမှုနဲ့ ငွေဒဏ်ချမှတ်တာတွေ ခံရမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.