မော်လမြိုင်၊ နိုဝင်ဘာ၊ (၂၃)

ပရီးမီးယားလိဂ်ကလပ်အသင်း မန်စီးတီးအသင်းဟာ အသင်းရဲ့ နည်းပြဖြစ်သူ ဂွါဒီယိုလာကို ၂၀၂၅ ခုနှစ်ထိ သက်တမ်းရှိတဲ့ ၂ နှစ်စာချုပ် ထပ်မံချုပ်ဆိုလိုက်တယ်လို့ အတည်ပြုကြေညာလိုက်ပါတယ်။

အသက် ၅၁ နှစ်အရွယ် စပိန်နည်းပြ ပတ်ဂွါဒီယိုလာဟာ အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့အတွက် မန်စီးတီးအသင်းက နောက်ထပ် ၂ နှစ် စာချုပ်သက်တမ်း ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

နည်းပြ ဂွါဒီယိုလာကတော့ မန်စီးတီးအသင်းမှာ နောက်ထပ် ၂ နှစ် ဆက်နေခွင့်ရတဲ့အတွက် အရမ်းပျော်ရွှင်ကြောင်းနဲ့ ဆုဖလားတွေအတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

နည်းပြ ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ မန်စီးတီးအသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ FA ဖလားနဲ့ လိဂ်ဖလား တစ်ကြိမ်စီ ရယူပေးထားပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း နောက်ဆုံး ၅ ရာသီ ဆက်တိုက် ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာဆိုရင် ဗိုလ်လုပွဲအဆင့်အထိ တက်လှမ်းနိုင်ခဲ့တာပါ။

နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ အခုရာသီ ပရီမီးယားလိဂ်မှာတော့ အာဆင်နယ်အသင်းနဲ့ ၅ မှတ်အကွာ အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.